ဆူဒန်နဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံရေး ထူထောင်ရန် သဘောတူကြောင်း သမ္မတ ထရမ့် ကြေညာ

ဆူဒန်နဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံရေး ထူထောင်ရန် သဘောတူကြောင်း သမ္မတ ထရမ့် ကြေညာ
Photo - AFP

အောက်တိုဘာ ၂၄

ဆူဒန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတဲ့ နောက်ဆုံး အာရပ်နိုင်ငံဖြစ်လာကြောင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ကြေညာပါတယ်။

အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ ထရမ့်အတွက် သံခင်းတမန်ခင်း အောင်ပွဲအဖြစ် ဆူဒန်နဲ့ အစ္စရေးတို့ဟာ ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ကို သဘောတူညီမှု ရကြတာပါ။

ပြီးခဲ့တဲ့ လအတွင်းက အိမ်ဖြူတော်မှာ ယူအေအီးနိုင်ငံနဲ့ ဘာရိန်းနိုင်ငံတို့က အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံကို အကြမ်းဖက်ဝါဒ အားပေးတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်က စာရင်းသွင်းထားတာကို ထရမ့်က တရားဝင် ပယ်ဖျက်အပြီးမှာ နှစ်အတော်ကြာ အရပ်သားတွေ ကျောထောက်နောက်ခံတဲ့ ဆူဒန်အစိုးရက အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးကို သဘာတူခဲ့တာ ဖြစ်တယ်လို့ ထရမ့်က ကြေညာပါတယ်။

ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေ ဝိုင်းရံနေတဲ့ကြား ထရမ့်ဟာ ဆူဒန်ခေါင်းဆောင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့နဲ့ ဖုန်းစပီကာဖွင့်ပြီး စကားပြောဆိုခဲ့ပါတယ်။

“ဒါဟာ ဒေသအတွက် စစ်မှန်တဲ့ အပြောင်းအလဲပါ။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကိုပိုပြီး ကောင်းမွန်အောင် ပြောင်းလဲစေမှာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ အနာဂတ်ကို ထူထောင်ရေး လုပ်ငန်းစဉ်တွေအပေါ် ပစ်မှတ်ထားနိုင်တော့မှာပါ။”ဆိုပြီး နေတန်ယာဟုက ထရမ့်ကို ပြောတာကို ဖုန်းကတစ်ဆင့် ကြားရပါတယ်။

အစ္စလာမ်တွေ အထွဋ်အမြတ်ထားတဲ့ မြို့နှစ်မြို့ရှိတဲ့ ဒေသတွင်း အင်အားကြီး ဆော်ဒီအာရေဗျအပါအဝင် အာရပ်နိုင်ငံတော်တော်များများ အစ္စရေးကို အသိအမှတ်ပြုဖို့ စဉ်းစားနေကြပြီလို့ ထရမ့်က ပြောပါတယ်။

“အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ချင်တဲ့ နိုင်ငံ အနည်းဆုံး ငါးနိုင်ငံ ရှိထားတယ်။ နောက်ပိုင်း သိပ်မကြာခင်မှာ ဒီထက်ပို များလာပါလိမ့်မယ်။”ဟု စိတ်ကျေနပ်ပျော်ရွှင်နေပုံရတဲ့ သမ္မတလက်ထောက်အကူတွေ ဝိုင်းရံနေ တဲ့ကြားကပဲ ထရမ့်က ပြောပါတယ်။

“အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်တာမှာ ဘာပြဿနာမှ ရှိလိမ့်မယ်လို့ ကျွန်တော်တော့ မယူဆပါဘူး။ နိုင်ငံတော်တော်များများလည်း အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ရှိနေတာပဲ။ ကျွန်တော်တို့ဟာ ဒီလို နိုင်ငံကြီးတွေ၊ ဦး ဆောင်နိုင်ငံကြီးတွေမှာ ပါဝင်လာတာပဲ ဖြစ်တယ်။ အလွန့်အလွန်ကို ကောင်းပါတယ်။ ကျွန်တော်တို့တော့ ထောက်ခံတယ်။”ဆိုပြီး မိုဟာမတ်အယ်တာဟီယာဆိုတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လကအထိ အစ္စရေးကို အသိအမှတ်ပြုထားတဲ့ အာရပ်နိုင်ငံဆိုလို့ အမေရိကန် နားချမှုနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ထားတဲ့ ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံ နှစ်နိုင်ငံပဲ ရှိထားခဲ့တာ ဖြစ်ပါတယ်။

ခုလို အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး သဘောတူညီတာနဲ့ ပတ်သက်ပြီး ဆူဒန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ အိုမာမိုဟာမတ်ဟတ်ဆန်ကတော့ “ကိုရမ်ကျမ်းမှာ အစ္စရေးအကြောင်း ရေးထားတာပဲ။ အစ္စရေးနဲ့ ဆက်ဆံတဲ့ နိုင်ငံတွေဟာ ဘာတွေ ဖြစ်လာမလဲ။ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံတဲ့ နိုင်ငံတွေဟာ ဘာမှ ရမှာမဟုတ်ဘူး။ ဒါပေမယ့် အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ဂုဏ်သရေမဲ့တာတော့ ဖြစ်လိမ့်မယ်။”ဆိုပြီး တုံ့ပြန်ပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်ရုံးက ပါလက်စတိုင်းတွေရဲ့ မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနိုင်ငံနဲ့ ဆူဒန်နိုင်ငံကြားက အခု သဘောတူညီချက်ကို ရှုတ်ချပြစ်တင်ပြီး ပယ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required