ကယားပြည်နယ်တွင် ဒုတိယမြောက် ကိုဗစ်လူနာ ထပ်တွေ့

အောက်တိုဘာ ၂၃

ကယားပြည်နယ်တွင် ဒုတိယမြောက် ကိုဗစ် လူနာတစ်ဦး ထပ်မံ တွေ့ရှိထားကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က သတင်းထောက်များကို အတည်ပြု ပြောသည်။

"အောက်တိုဘာလ ၁၄ ရက်နေ့က တစ်ယောက်တည်း။ ပထမ တစ်ယောက်လိုပဲ ကားငှားလာတယ်။ ပြီးတော့ ပြန်သွားတယ်။ ဝါရီကောခူးဂိတ်ရောက်တော့ ရွှေလွိုင်ကော် ပရဟိတကားက ကြိုတယ်။ ၅ နာရီ၊ ၆ နာရီထိုးခါနီးမှာ ပညာရေးကောလိပ် ကွာရန်တင်းကို ပို့တယ်။ ကျွန်တော်တို့က ၂၂ ရက်နေ့က နှာခေါင်းတို့ဖတ် နမူနာယူတယ်။ ၂၃ ရက်နေ့ ပိုးတွေ့တယ် အဖြေထွက်တယ်” ဟု ဒေါက်တာ ဌေးလွင်က ဆိုသည်။

ပိုးတွေ့လူနာသည် အသက် ၂၆ နှစ်အရွယ်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း ဒေါက်တာ ဌေးလွင်က ပြောသည်။

လတ်တလောအချိန်အထိ ပိုးတွေ့လူနာသည် ကျန်းမာရေး ကောင်းမွန်ပြီး လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် ၎င်းပိုးတွေ့လူနာနှင့် ထိတွေ့သူများကိုပါ စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်၍ သီးခြားခွဲထားသည့် ကွားရန်တင်းစင်တာများသို့ ဧည့်သည်များ လာရောက်တွေ့ဆုံမှုကိုလည်း တားဆီးသွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျန်းမာရေး သင်တန်းတက်ရောက်ပြီး ပြန်လာသည့် အသက် ၃၅ နှစ်အရွယ် ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးထံ၌ ပထမဦးဆုံး ကိုဗစ်ပိုးတွေ့ခဲ့ပြီးနောက် ဒုတိယအကြိမ် ပိုးတွေ့လူနာ ကယားပြည်နယ်တွင် တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂၃၆၅ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၀၃၈ ဦးနှင့် ဆေးရုံဆင်းခွင်ရသူ ၂၂၄၅၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required