တောင်ကြီးမြို့တွင် သီတင်းကျွတ်လပြည့်ည၌ မီးပုံးပျံလွှတ်တင်မည့်ကိစ္စ မြို့နယ်ကိုဗစ်ကော်မတီ ကန့်ကွက်

တောင်ကြီးမြို့တွင် သီတင်းကျွတ်လပြည့်ည၌ မီးပုံးပျံလွှတ်တင်မည့်ကိစ္စ မြို့နယ်ကိုဗစ်ကော်မတီ ကန့်ကွက်

အောက်တိုဘာ ၂၃ရက်

သီတင်းကျွတ်လပြည့်နေ့တွင် တောင်ကြီးမြို့၌ မီးပုံပျံလွှတ်တင်မည့်ကိစ္စအား ကိုဗစ်ကာလ လူစုလူဝေးမဖြစ် စေလိုသဖြင့် မပြုလုပ်ရန် မြို့နယ်ကိုဗစ်ကော်မတီက ကန့်ကွက်ထားကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကပြောသည်။

အဆိုပါ မီးပုံးပျံပွဲပြုလုပ်ပါက ဒေသခံများသာမကဘဲ အခြားဒေသမှ လူများပါ လာရောက်နိုင်သဖြင့် ရောဂါကူးစက်မှုများ ရှိလာနိုင်ပြီး ပွဲသို့လာရောက်မည့်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထံမှလည်း ကူးစက်မှု ရှိနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးက ပြောသည်။

 “မနေ့ကအစည်းအဝေးမှာတော့ ကိုယ်တို့ကလည်းဖြစ်သင့်တဲ့အခြေအနေလေးတွေကိုရှင်းပြတယ်။ သူတို့ကလည်း အစိုးရအဖွဲ့ကို တင်ပြပေးပါလို့ တောင်းဆိုတယ်။ အဲ့တော့ ကိုယ်တို့က အစိုးရအဖွဲ့ကိုတင်ထားတယ်။ တို့ကတော့ မြို့နယ်အနေနဲ့တော့ သဘောမတူနိုင်ဘူးလို့ ပြောထားတယ်။ ဆွေးနွေးပြီးတော့ ဒီပွဲကြီးကျင်းပဖို့ရန် ပွဲကျင်းပခွင့်ဆိုတာ နိုင်ငံတော်က မပေးထားဘူး။ အဲ့တော့ ဒီလိုလူစုလူဝေးနဲ့လွှတ်တင်ဖို့ကတော့ မလုပ်သင့်ဘူး ဆိုပြီးတော့ ဆွေးနွေးတာ” ဟု  အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကပြောသည်။

တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်းတွင် သီတင်းကျွတ်လပြည့်နေ့၌ မီးပုံးပျံလွှတ်တင်ခြင်းအား  နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင်ပြုလုပ်မည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုပါကိစ္စအား ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပြီး မီးပုံးပျံဝါသနာရှင်များ၊ အဖွဲ့များနေဖြင့်လည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လိုကြောင်း သိရသည်။

ဝါသနာရှင်လူငယ်များမှ တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် လာမည့်အောက်တိုဘာ ၃၁ရက် သီတင်းကျွတ်လပြည့်ည၌ ညမီးကျည်၊ စိန်နားပန်နှင့် မီးပုံးပျံအသေး ၁၅၀၀ တို့အား လွှတ်တင်ရန် စီစဉ် ထားခြင်းဖြစ်သည်။

“သူတို့ဘက်ကဘယ်နှစ်လုံး လွှတ်မယ်။ ပြီးသွားရင် အဲ့လွှတ်တဲ့ဟာပေါ်မှာ သူတို့စနစ်တကျလွှတ်ချင်တယ်။ အစရှိတာမျိုးတွေ တောင်းဆိုတာပေါ့။ ညမီးကျည်က ၂လုံး၊ စိန်နားပန် တစ်လုံး၊ မီးပုံးပျံအသေး ၁၅၀၀။ နောက် ပိုင်းတော့ မီးပုံးပျံအသေး ၁၅၀၀ က လူစုလူဝေးဖြစ်မှာစိုးလို့ ကွင်းမှာမလွှတ်ဘူးလို့ပြောသွားတယ်။ အဲ့ဒါအပြင် ရပ်ကွက်ထဲမှာလုပ်နေတဲ့ လူတွေကလည်း အလုံး ၂ဝလောက်ရှိတယ် ပြောတယ် ညမီးကျည်ပေါ့” ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ဆိုသည်။

မြို့ရွာများ၌ ခွင့်ပြုချက်မရှိဘဲ အများပြည်သူများ အထိတ်တလန့်ဖြစ်စေတတ်သော ဗြောက်အိုး၊ မီးအိုး၊ ပေအိုး၊ မီးရှူးမီးပန်းများအား ဖောက်ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်းများအား မည်သူမျှမပြုလုပ်ရန် တားမြစ်ချက် ဒေသန္တရအမိန့်အား အောက်တိုဘာ ၂ဝရက်နေ့က ထုတ်ပြန်ထားပြီး ၎င်းအမိန့်ကိုချိုးဖောက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  သြဂုတ် ၁၆ရက်နေ့မှစတင်ကာ အောက်တို၂၂ရက် ညနေ ၆နာရီထုန်ပြန်ချက်အထိ ရှမ်းပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၉၆ဦး ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly