ပုသိမ်တွင် NLD နှင့် USDP ပါတီ ထောက်ခံအင်အားပြပွဲ ဦးဆောင်သူ ၂၂ ဦးကို ဘေးစီမံဥပဒေဖြင့် အမှုဖွင့်

ပုသိမ်တွင် NLD နှင့် USDP ပါတီ ထောက်ခံအင်အားပြပွဲ ဦးဆောင်သူ ၂၂ ဦးကို ဘေးစီမံဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီနှစ်ခုကို ထောက်ခံအင်အားပြသမှုမှာ ဦးဆောင်သူ ၂၂ ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ဖြင့် အောက်တိုဘာလ ၂၂ ရက်နေ့က သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးရာဇာအေးက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာ ၂၀ ရက်နေ့အတွင်း NLD ပါတီ ဦးဆောင်ထောက်ခံသူ ၁၇ ဦးနှင့် USDP ပါတီ ဦးဆောင်ထောက်ခံသူ ငါးဦး၊ စုစုပေါင်း၂၂ ဦးကို အမှုဖွင့်ထားရာ အများစုက ပါတီဝန်းရံသူများ ဖြစ်ပြီး USDP ပါတီမှ ရပ်ကျေးအဆင့် ပါတီဥက္ကဋ္ဌတစ်ဦး ပါဝင်ကြောင်း ၎င်းက ပြောသည်။

“စုစုပေါင်း ၂၂ ဦးကို ဘေးစီမံဥပဒေနဲ့ ရဲကနေ တရားလိုလုပ်ပြီးတော့ တရားစွဲဖို့ လုပ်ပြီးပါပြီ။ ရဲအရေးပိုင်တဲ့အမှု ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သက်ဆိုင်ရာ ဖြစ်ပွားခဲ့တဲ့ စခန်းတွေမှာပဲ ကျွန်တော်တို့ အမှုဖွင့် အရေးယူထားပါတယ်။ အများစုက ပါတီဝန်းရံသူတွေပါ။ USDP ပါတီက ရပ်ကျေးအဆင့် ပါတီဥက္ကဋ္ဌတစ်ဦး ပါတယ်လို့တော့ မနေ့က ကြားလိုက်ပါတယ်” ဟု ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးရာဇာအေးက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက ပုသိမ်မြို့တွင် နေအိမ်၌သာ နေထိုင်ကြရန် Stay at Home အမိန့် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပါတီကြီးနှစ်ခုကို ဝန်းရံသူများက အမိန့်ညွှန်ကြားချက်များကို မလိုက်နာဘဲ အင်အားထောင်ချီနှင့် လှည့်လည်ခဲ့သောကြောင့် တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးရာဇာအေးက ပြောသည်။

“ရွေးကောက်ပွဲ ကော်မရှင်က လူ ငါးဆယ်ထက် မကျော်ရလို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အခုက ထောင်နဲ့ချီပြီး ဖြစ်တယ်။ ရာဂဏန်းတွေနဲ့ လှည့်ကြတယ်ဆိုတဲ့အခါမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တားကြပါတယ်။ တားတာကို မလိုက်နာဘူး။ အဲ့ဒီတော့ အဓိက ဦးဆောင်သူတွေကို ကျွန်တော်တို့က ဖော်ထုတ်ပြီးတော့ တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်တာပါ” ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုအကြား ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းကြောင်းကိုလည်း မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌက ဆက်ပြောသည်။

“နံပါတ် (၁) ကတော့ တရားဥပဒေ စိုးမိုးရေးပေါ့။ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာတာပေါ့။ နောက်တစ်ခုက ပြည်သူလူထုရဲ့ ကူးစက်ရောဂါကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ပြည်သူတွေကလည်း သတင်းပေးတယ် ဒါနဲ့ ပတ်သက်ပြီးတော့” ဟု ပြောသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှု များပြားနေသောကြောင့် ပုသိမ်မြို့နည်းတူ Stay at Home အမိန့် ထုတ်ပြန်ထားသည့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၊ ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများတွင်လည်း လူထောင်သောင်းနှင့် ချီပြီး ပါတီဝန်းရံ လှည့်လည်မှုများ၊ မဲဆွယ်စည်းရုံး လှည့်လည်မှုများ ပြုလုပ်လျှက်ရှိသော်လည်း အရေးယူမှု မရှိခဲ့ဘဲ ယခု အရေးယူမှုမှာ ပထမဆုံးဖြစ်သည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှု အခြေအနေကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံး၊ ကိုကိုးကျွန်းမှလွဲ၍ ရန်ကုန်က မြို့နယ်အားလုံး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့က မြို့နယ်အချို့  တွင် Stay at Home အမိန့် ထုတ်ပြန်ထားခဲ့သည်။ ကိုဗစ်ကွင်းဆက်ပြတ် လူနာတွေ့ရှိလာရမှုကြောင့် ကချင်ပြည်နယ်က မြို့နယ်အချို့ကိုလည်း Stay at Home အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၂ ရက် ည ၈ နာရီအထိ ပိုးတွေ့လူနာ လေးသောင်းကျော်ရှိပြီး သေဆုံးသူ တစ်ထောင်ကျော် ရှိပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဒုတိယအများဆုံး၊ ပဲခူးတိုင်းဒေသကြီးတွင် တတိယ အများဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် စတုတ္ထအများဆုံးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပဉ္စမအများဆုံး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly