မြန်မာနိုင်ငံတွင် စီးပွားရေးစနစ်ကို ပြန်လည်ဖန်တီးခြင်း မရှိဘဲ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို မတည်ဆောက်နိုင်ပေ

မြန်မာနိုင်ငံတွင် စီးပွားရေးစနစ်ကို ပြန်လည်ဖန်တီးခြင်း မရှိဘဲ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို မတည်ဆောက်နိုင်ပေ
A supporter of the NLD, pictured on Oct. 2 in Yangon: the last thing Myanmar needs is business as usual.   © Reuters

အောက်တိုဘာ ၂၃ 

(၂၀၂၀ ခုနစ် အောက်တိုဘာလ ၂၀ ရက်နေ့က Nikkei Asia မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဒေါက်တာ သန့်မြင့်ဦး ဆောင်းပါး)

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုးကျသွားသည့် စီးပွားရေးဒဏ်ကို လှိမ့်ခံနေရသည့် သန်းချီသော ဆင်းရဲသား၊ နေ့လုပ်နေ့စား မိသားစုများ အတွက် မြန်မာအစိုးရက အရေးပေါ် ငွေကြေးထောက်ပံ့မှု ပြုလုပ်ရန် လိုအပ်သည်။ ကပ်ဘေးကြောင့် နောက်ဆက်တွဲ ရင်ဆိုင်ရသည့် အကျပ်အတည်းကို အကြောင်းပြုကာ နှစ် ၃၀ ကျော်ကြာသက်ဆိုးရှည်ခဲ့သည့် ခရိုနီအရင်းရှင်စနစ်မှ ပို၍ မျှတသော၊ စက်မှု အခြေပြုသော၊ သဘာဝ ပတ်ဝန်းကျင် အတွက်သဟဇာတ ဖြစ်သော စီးပွားရေး စနစ်သို့ အသွင်ကူးပြောင်းရန် အခွင့်ကောင်း ယူသင့်ပေသည်။ စီးပွားရေး အသွင်ကူးပြောင်းခြင်းသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အလားအလာများကို ခိုင်မာစေမည့် သော့ချက်လည်းဖြစ်သည်။ မဟုတ်လျှင် နောင်လာမည့် မျိုးဆက်များ လူမျိုးရေး အခြေခံသည့် အမျိုးသားရေး အစွန်းရောက်များဖြစ်မည့် လားရာရှိ၏။
 
မတ်လမှ စတင်၍ အစိုးရသည် ပြည်သူများကို ကိုဗစ်-၁၉ မှ အကာအကွယ် ပေးနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။လတ်တလော မတိုင်မီထိ ရောဂါပိုး ကူးစက်မှု နည်းပါးခဲ့သည်။ ရန်ကုန်မြို့ကို ဗဟိုပြုကာ ရုတ်တရက် ကူးစက်မှုများ တိုးမြင့်လာခဲ့သော်လည်း လူဦးရေ ၅၅ သန်းခန့် ရှိသော နိုင်ငံတွင် အောက်တိုဘာလ ၁၄ ရက်နေ့ထိ အတည်ပြုလူနာ ၃၀,၀၀၀ ခန့်နှင့် သေဆုံးသူ ၇၀၀ ခန့် ရှိသည်ကို ကြည့်ခြင်းအားဖြင့် ကူးစက်မှု အရေအတွက် နည်းသေးသည်ဟု ဆိုနိုင်သည်။

သို့သည့်တိုင် စီးပွားရေးမှာမူ အလွန် လှုပ်ခါသွားခဲ့သည်။ ကုန်သွယ်ရေး တုံ့ဆိုင်းသွားခြင်း (အထူးသဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး)၊ ခရီးသွားကဏ္ဍနှင့် အထည်ချုပ် ပို့ကုန်ကဏ္ဍတို့ ပြိုလဲသွားခြင်း၊ သန်းချီသော ပြည်ပရှိရွှေ့ပြောင်း အလုပ်သမားများ အိမ်သို့ ငွေပြန်မပို့နိုင်တော့ခြင်းကြောင့် မိသားစုဝင်ငွေ ထိခိုက်ရသည်။ ဧပြီလကပထမအကြိမ် အသွားအလာ ပိတ်ဆို့မှု ပြုလုပ်စဉ်က နေ့စားလုပ်ခပေါ် မှီခိုနေရသည့် ပျံကျအလုပ်သမား သန်းချီကာ အလုပ်လက်မဲ့ ဖြစ်ကြရသည်။ ယခုတစ်ကြိမ် အသွားအလာ ပိတ်ဆို့ရေး အစီအမံများ ချမှတ်များကြောင့် ရန်ကုန်မြို့သူမြို့သား အများစုမှာ မိမိကိုယ်တိုင်လည်း စားဖို့အနိုင်နိုင်၊ မိသားစုကိုလည်း နပ်မှန်အောင် ကျွေးမွေးနိုင်ရန် အတော်လေး ရုန်းကန်နေကြရသည်။

မေလ၌ အစိုးရဝန်ကြီးများက ဂျီဒီပီ၏ ၅ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၃.၅ သန်း ခန့်) ကို သုံးစွဲမည်ဟုလွှတ်တော်ကို ပြောကြားခဲ့သည်။ လိုအပ်သလိုလည်း ထပ်မံ တိုးချဲ့ သုံးစွဲမည်ဟု ဆိုခဲ့သည်။ ထိုမှစ၍ အစိုးရဘတ်ဂျက် ဟိုဟိုသည်သည်မှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်  အပိုထွက်လာအောင် ပြုလုပ်နိုင်ခဲ့သည့်အပြင်နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံမျှ အကူအညီ ထပ်မံ ရရှိခဲ့သေးသည်။ဘဏ္ဍာရေးလိုငွေ နည်းနေသလို ပြည်တွင်းပြည်ပ အစိုးရ ချေးငွေလည်း နည်းသေးသည်။ သို့သော် ဧပြီလမှ ယနေ့အချိန်အထိ ဆင်းရဲချို့တဲ့သည့် မိသားစုများ ရရှိခဲ့သည့် အထောက်အပံ့ကို ကြည့်မည်ဆိုလျှင် အမေရိကန် ၁၅ဒေါ်လာခန့်သာ တန်ဖိုးရှိသည့် ထောက်ပံ့ကြေး အများဆုံး ၂ ကြိမ်နှင့် စားသောက်ကုန် တစ်ထုပ်စီသာ ဖြစ်၏။အချို့ စီးပွားရေး လုပ်ငန်းများက အစိုးရဘဏ္ဍာမှ ချေးငွေ ထုတ်ယူနိုင်ခဲ့သော်လည်း စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မျှသာ ရှိသေးသည်။

မြန်မာအစိုးရအနေနှင့် အသုံးစရိတ် ပုံအော ထုတ်သုံးရန် မလွယ်ကူလှပါ။ ထို့အပြင် ထောက်ပံ့ငွေ ပေးအပ်နိုင်သည့်နည်းစနစ်များကလည်း အားနည်းသည်။ မရည်ရွယ်သူတို့၏ လက်ဝယ်သို့ ထောက်ပံ့ငွေများ ရောက်ရှိသွားနိုင်သည့်စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ သို့သော် လက်တွေ့ အဟန့်အတာများမှာ အတွေးအခေါ်ပိုင်း အားနည်းချက်ကြောင့် ဖြစ်သည်။ နီယိုလစ်ဘရယ်ဆန်စွာ ဈေးကွက်ကသာ ဆောင်ရွက်ရေး၊ အစိုးရဘတ်ဂျက် မျှခြေတွင်သာ ရှိစေရေး၊ လူမှုဖူလုံရေး အသုံးစရိတ် တတ်နိုင်သမျှ လျှော့ချရေး၊ ဆင်းရဲချို့တဲ့သူများ အတွက် ပုဂ္ဂလိက လှူဒါန်းထောက်ပံ့မှုများ ရှိလိမ့်မည် အစရှိသော အတွေးအခေါ်များကြောင့် ဖြစ်ပေသည်။ ရေရှည်တည်တံ့မည့် လူမှုကာကွယ်ရေး စနစ်တစ်ခု အတွက် အုတ်မြစ်ချဖို့ မစဉ်းစားဘဲ ပုံမှန်အတိုင်း စီးပွားရေး ပြန်လည် လည်ပတ်နိုင်ရန်သာ မျှော်လင့်နေသည်။
 
မြန်မာနိုင်ငံအတွက် ယခင်ကအတိုင်း လုပ်နေကြအတိုင်း ပြန်လည် လည်ပတ်ရုံမျှဖြင့် မလုံလောက်တော့ပါ။တိုင်းပြည်သည် သမိုင်းကြောင်း တစ်လျှောက်တွင် မဖွံ့ဖြိုးမှုများကိုသာ တွေ့ကြုံခဲ့ရသည်။ နယ်ချဲ့စီးပွားရေး စနစ်သည် အခြေခံ ကုန်စည်များ တင်ပို့ရေးနှင့် အိန္ဒိယမှ တင်သွင်းလာသည့် လုပ်အားကို အမြတ်ထုတ်ရေးကိုသာအခြေတည်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်တွင် လက်ဝဲဝါဒီများကြောင့် နိုင်ငံသည် ပြည်တွင်းစစ်နှင့် တံခါးပိတ်ဝါဒတို့အတွင်း ပိတ်မိနေခဲ့သည်။
 
၁၉၈၈ ခုနှစ်တွင် စစ်အစိုးရမှ မြန်မာနိုင်ငံ၏ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အိမ်နီးချင်း တရုတ်နိုင်ငံ၏စက်မှုတော်လှန်ရေးကြီးနှင့် ပူးကပ် ချည်နှောင်ထားသည့် အရင်းရှင် ခေတ်သစ်ကို အကောင်အထည် ဖော်ရန်လုံးပန်းပြန်သည်။ ဈေးကွက်သစ်များ ဖန်တီးရာမှ မြေယာသိမ်းယူမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမှုနှင့်လူနည်းစု တိုင်းရင်းသားများ ရွှေ့ပြောင်းခံရမှုများ ဖြစ်လာကာ ကိုလိုနီခေတ်နှောင်းပိုင်းတွင် မကြုံခဲ့ရသည့် မညီမျှဆုံးသော လူ့အဖွဲ့အစည်း တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည်မြန်မာနိုင်ငံရှိ အရင်းရှင်စနစ်၏ အဆိုးရွားဆုံးသော ဝိသေသများကို လျော့ပေါ့စေနိုင်ခဲ့သော်လည်း တိုင်းပြည်ဖွံ့ဖြိုးမှုမှာမူ ပြင်ပ အင်အားစုများ၏ အကျိုးသက်ရောက်မှု ရလဒ်များကြောင့်ဖြစ်၏။ အနောက်နိုင်ငံများ၏ ပိတ်ပင်တားမြစ်မှုများ လျှော့ချခြင်းနှင့် မြန်မာနိုင်ငံမှ အရည်အချင်းမဲ့ လုပ်အား အတွက် ပြည်ပဝယ်လိုအား ရှိနေခြင်းစသည့်တို့ကြောင့်သာ ဖြစ်ခဲ့သည်။ မညီမျှမှုများမှာ ပို၍ပင် နက်ရှိုင်းစွာ အမြစ်တွယ်လာတော့သည်။

နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလက်ရှိ အာဏာရအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အနိုင်ရနိုင်မည်မှာ မယုံနိုင်ဖွယ်ရာ မရှိ။ မြန်မာ့နိုင်ငံရေးသည် ယုံကြည်မှုပေါ်တွင် အခြေတည်ပြီး မြန်မာအများစုအတွက် ဒေါ်အောင်ဆန်းစုကြည်ထက် ယုံကြည်လောက်သည့် ပုဂ္ဂိုလ်လည်းနိုင်ငံရေးလောကတွင် မရှိ။ လူနည်းစု တိုင်းရင်းသားများက ၎င်းတို့၏ တိုင်းရင်းသား ပါတီများကို မဲပေးနိုင်လောက်သော်လည်း ရွေးကောက်ခံ နယ်မြေ အများစုတွင် တိုင်းရင်းသားများ ရောနှော နေထိုင်နေကြပြီး မဲအများဆုံး ရရှိသူသာ ရွေးကောက်ခံရသည့် စနစ်ကြောင့် အကျိုးသက်ရောက်မှု များများ ရှိနိုင်မည် မဟုတ်။

သာမန်ပြည်သူများ ရင်ဆိုင်နေရသည့် ကြီးစွာသော စီးပွါးရေးဒဏ်ချက်နှင့် စိုးရိမ်သောကများသည် မြန်မာ့နိုင်ငံရေးတွင် ရောင်ပြန်ဟပ်မနေခဲ့။ နောင်လာမည့် နှစ်အနည်းငယ် အတွင်း မျိုးဆက်သစ်များကို ပုံသွင်းပေးနေသည့် လူမှုတွန်းအားများ ရှေ့တန်းရောက်လာကြလိမ့်မည်။ ထိုအခါ ညီတူတန်းတူ ကြွယ်ဝပြည့်စုံနိုင်မည့်ရည်မှန်းချက်ကြောင့် စည်းလုံးနေကြမည့် အစား ကိုယ်ပိုင် ဝိသေသလက္ခဏာဆိုင်ရာ ပြဿနာများကြောင့် ဆင်းရဲနေသေးသည့် ဗုဒ္ဓဘာသာ မြန်မာလူများစုနှင့် လူနည်းစု တိုင်းရင်းသား အုပ်စုများ ထိပ်တိုက်တွေ့ကြဦးမည်ဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးမှုကို ယခုထက်ပိုပြီး မဟာဗျူဟာကျကျ ချဉ်းကပ်ရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင်အလားအလာကောင်း များစွာ ရှိနေသည်။ ပထဝီဝင် အနေအထားအရ အာရှတိုက်၏ ဗဟိုချက်မတွင် ရှိနေခြင်းကြောင့်တင် မဟုတ်ပေ။ ထိုအလားအလာများကို အကောင်အထည် ဖော်ရန် အတွက် ကျန်းမာရေး၊ ပညာရေး၊ပို့ဆောင်ဆက်သွယ်ရေးနှင့် သဘာဝစွမ်းအင် စသည်တို့ အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား လိုအပ်သလို ခေတ်မီ စက်မှု၊ မြို့ပြနိုင်ငံ ဖြစ်လာရေး အတွက် ရှင်းလင်းသော ရည်မှန်းချက်လိုအပ်သည်။

ဆိုလိုသည်မှာ တိုင်းပြည်ဝင်ငွေ တိုးတက်လာခြင်းသည်သာ ဖွံ့ဖြိုးမှုဟု မမှတ်ယူဘဲ နိုင်ငံ၏ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ကုန်ထုတ်လုပ်ခြင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင်ခြင်းဆိုင်ရာ စွမ်းရည်များကို ပျိုးထောင်ခြင်းသည် ဖွံ့ဖြိုးမှုဟု နားလည်ခြင်း ဖြစ်သည်။ ထို့အတွက် ဗျူရိုကရေစီ ယန္တရားကိုလည်း ဖွံ့ဖြိုးမှုလမ်းစဉ်နှင့် လျော်ညီစေရန် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ ပိုမို တရားမျှတကာ ညီမျှသော လူ့အဖွဲ့အစည်း ဖြစ်လာစေမည့်မဟာဗျူဟာနှင့် ကိုက်ညီမည့် ဈေးကွက်များ ဖန်တီးပုံဖော်ရန် လိုအပ်သည်။ အဆင်းရဲဆုံးနှင့် ထိခိုက်ရန် အလွယ်ဆုံးသောသူများ အပါအဝင် အားလုံးအတွက် အကျိုးရှိမည့် ဖွံ့ဖြိုးမှုသည်သာ ဆယ်စုနှစ် ခုနစ်ခုကြာ လက်နက်ကိုင်ပဋိပက္ခများနှင့် တိုင်းရင်းသားများ အကြား စိတ်ဝမ်းကွဲနေမှုများနှင့် ခွာပြဲနေသော နိုင်ငံကို ပြန်လည် ပေါင်းစည်းပေးနိုင်လိမ့်မည်။

ပထမဆုံးသော ခြေလှမ်းသည် ဆင်းရဲချို့တဲ့သူများ အတွက် တိုက်ရိုက် ထောက်ပံ့ကြေး ပေးရန် ဖြစ်သည်။ ကပ်ရောဂါ ပြီးသွားသည့် ကမ္ဘာသည် နည်းပညာသစ်များ၊ ရာသီဥတု ပြောင်းလဲမှုနှင့် ပထဝီနိုင်ငံရေး ပြောင်းလဲမှုများကြောင့် များစွာ ပြောင်းလဲသွားဦးမည်။ မြန်မာနိုင်ငံသည် ယခုထိ ထုတ်မသုံးရသေးသည့် ငွေကြေးနှင့် ဘဏ္ဍာရေးလက်နက်များ၊ နိုင်ငံခြားချေးငွေများ ဒေါ်လာဘီလီယံချီ အသုံးပြုကာ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မည့်၊အဖွဲ့အစည်း စွမ်းရည်များ မြှင့်တင်နိုင်မည့်၊ စီးပွားရေး အဆောက်အအုံကို ပြန်လည်ပုံဖော်နိုင်မည့် ရည်မှန်းချက်ကြီးမားသော ခြေလှမ်းသစ်များကို စတင်နိုင်ပါသည်။ အချိန်ဖြုန်းလို့ မရတော့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly