တရုတ်ကို ကြည့်ရင်း မြန်မာကို အိန္ဒိယက ရေငုပ်သင်္ဘော လက်ဆောင်ပေး

တရုတ်ကို ကြည့်ရင်း မြန်မာကို အိန္ဒိယက ရေငုပ်သင်္ဘော လက်ဆောင်ပေး

အောက်တိုဘာ ၂၃

အိန္ဒိယနှင့် မြန်မာ ကာကွယ်ရေး အပြန်အလှန် ပူးပေါင်းမှုကို ရှေ့တိုးခြေလှမ်းသစ် လှမ်းခြင်းအဖြစ် အိန္ဒိယနိုင်ငံသည် ဆိုဗီယက်ခေတ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောတစ်စင်းအား မြန်မာနိုင်ငံကို လက်ဆောင်ပေးအပ်လာရာ အကဲဖြတ်အများစု ဒေသတွင်း တရုတ်၏ ဩဇာကို တန်ပြန်ရန် နယူးဒေလီ၏ ကြိုးစားမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။

၁၉၈၈ ခုနှစ်တွင် အိန္ဒိယရေတပ်၌ စစ်မှုထမ်းခဲ့သည့် ဒီဇယ်-အီလက်ထရစ် ရေငုပ်သင်္ဘော INS Sindhuvir ကို အိန္ဒိယနိုင်ငံပိုင် စစ်တပ်သင်္ဘောတည်ဆောက်ရေး Hindustan Shipyard သင်္ဘောကျင်းတွင် ပြန်လည်ပြင် ဆင်မွမ်းမံခဲ့သည်။ တန်ချိန် ၃၀၀၀ ရှိ ဘင်း ရေငုပ်သင်္ဘောသည် ရေအနက်ဆုံး မီတာ ၃၀၀ တွင် မောင်းနှင်နိုင်ပြီး အမြန်ဆုံး အလျင်နှုန်း တစ်နာရီ ၁၈ ကနော့ (တစ်နာရီ မိုင် ၂၀ ကျော်) ခုတ်မောင်းနိုင်ပြီး မြန်မာနိုင်ငံ ပိုင်ဆိုင်ရသည့် ပထမဆုံး ရေငုပ်သင်္ဘောပဲ ဖြစ်သည်။

“ရေပြင်နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနဲ့ ကျွန်တော်တို့ရဲ့ ဘက်ပေါင်းစုံ မြှင့်တင်သော ပူးပေါင်းဆက်သွယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။”ဟု မကြာသေးခင်က အွန်လိုင်းမီဒီယာရှင်းလင်းပွဲတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အန်နုရက်ဆရီဗက်တာဗာက ပြောသည်။ “ဒီအကြောင်းချင်းရာအရ အိန္ဒိယဟာ ကီလိုအမျိုးအစား INS Sindhuvir ရေငုပ်သင်္ဘောကို မြန်မာရေတပ်ဆီ ပေးပို့မှာ ဖြစ်ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုကဲ့သို့ ပေးအပ်ခြင်းသည် ဒေသတွင်းရှိ နိုင်ငံအားလုံး လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ၏ သဘောထားအရလည်း ဖြစ်သကဲ့သို့ မိမိတို့၏ အိမ်နီးချင်းနိုင်ငံအားလုံး၏ စွမ်းဆောင်ရည်နှင့် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း တည်ဆောက်ရေးအတွက် အိန္ဒိယ၏ ကတိကဝတ်အရလည်း ဖြစ်သည်ဟု ဆရီဗက်တာဗာက ပြောသည်။

ထို ရေငုပ်သင်္ဘောအား မြန်မာ့သမိုင်းဝင် သူရဲကောင်း နာမည်ကို ယူပြီး မင်းရဲသိင်္ခသူဟု အမည်ပေးထားပြီး ပြီးခဲ့သည့် သီတင်းပတ်က ရေတပ်၏ ရေယာဉ်အုပ်စု စစ်ရေးလေ့ကျင့်မှုတွင် ထုတ်ဖော်ပြသခဲ့သည်။

“ရေတပ် ပိုမို ခေတ်မီစေရေးအတွက် ရေငုပ်သင်္ဘောတွေ အသုံးပြုနိုင်ရမှာ ဖြစ်တယ်။ မိမိတို့အနေနဲ့ ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေးကို ဆယ်စုနှစ်တွေများစွာ ကြိုးစားဖော်ဆောင်နေခဲ့တာ ဖြစ်တယ်။”ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ဝက်ဘ်ဆိုက်တွင် အလေးအနက် ဖော်ပြခဲ့သည်။

အေက်တိုဘာ ၄ ရက်နှင့် ၅ ရက်က အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မန်နော့မူခန်နာရာဗာနီနှင့် နိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ်ဗာဒဟန်ရှာရင်ဂလာသို့ မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကဲ့သို့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ ကြေညာလာခြင်းပဲ ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း နှစ်ဖက်စလုံးက လမ်းတံတားဆက်သွယ်ရေး စီမံကိန်းများ၊ စွမ်းဆောင်ရည် တည်ဆောက်ရေးနှင့် ကုန်သွယ်ရေးတို့တွင် မဟာမိတ်ဖြစ်မှုကို ပိုမိုခိုင်မာစေရေး သဘောတူကြကာ ကြည်း၊ ရေ၊ လေ ကဏ္ဍသုံးရပ်စလုံး၌ စစ်ရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်စေရေးတို့ကို သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အိန္ဒိယနှင့် နယ်စပ်ထိစပ်နေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ ကီလိုမီတာ ၁၆၀၀ ကျော် နယ်စပ်ထိစပ်လျက် ရှိပြီး ဘင်္ဂလားပင်လယ်အော်တွင်လည်း ရေပိုင်နက် နယ်စပ် ၇၂၅ ကီလိုမီတာ ထိစပ်နေသည်။ အိန္ဒိယနိုင်ငံက ၎င်း၏ အရှေ့မျှော်မူဝါဒဖြင့် ပို၍ ကြီးမားသော စီးပွားရေးပေါင်းစည်းခြင်းကို ကြိုးပမ်းနေရာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှသို့ ဝင်ပေါက်အဖြစ် ရှုမြင် ထားသည်။

မြန်မာနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါသော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့လည်းပဲ ဖြစ်သည်။ ဒေသတွင်း၌ တရုတ်က မင်းမူကြီးစိုးနေခြင်းကြောင့် အင်ဒို-ပစိဖိတ်တွင် အဓိကအခန်းကဏ္ဍကို ရယူနိုင်ရန် အာဆီယံအတွက် လိုအပ်သည်ဟု အိန္ဒိယက အလေးအနက်ထား အကြိမ်ကြိမ် ပြောဖူးသည်။

“အိန္ဒိယက မြန်မာနိုင်ငံကို ရေငုပ်သင်္ဘော ပေးဖို့ ဆုံးဖြတ်တာဟာ ငါတကော ကောနေတဲ့ တရုတ်ကို တန်ပြန်ဟန်ချက်ညီရေး ကောင်းစွာတွက်ချက်ထားတဲ့ မဟာဗျူဟာ ဖြစ်ပုံရပါတယ်။”ဟု နယူးဒေလီအခြေစိုက် တရုတ် သုတေသနအသင်းမှ ရှမ်ရှက်အာမတ်ခန်းက Nikkei Asia သို့ ပြောသည်။

“မရှိမဖြစ် ကာကွယ်ရေးစစ်လက်နက်ကို မြန်မာနိုင်ငံဆီ ပေးတာဟာ တရုတ်ကို ဆန့်ကျင်ပြီး ဩဇာထိန်းညှိနိုင်ဖို့အတွက် အရှေ့ဖက် အိမ်နီးချင်းနိုင်ငံရဲ့ ရေတပ်စွမ်းရည်ကို မြှင့်တင်ပေးဖို့ ကြိုးစားတာပဲဆိုတာ ရှင်းလင်းပါ တယ်။”ဟု ၎င်းက ဆိုသည်။

အိန္ဒိယနှင့် တရုတ်တို့ကြားတွင် လအတော်ကြာပြီဖြစ်သည့် နယ်စပ်က လိပ်ခဲတည်းလည်းအခြေအနေကြောင့် တင်းမာနေသည့်ကြားတွင် နယူးဒေလီသည် “တရုတ်ရေတပ်ကို အရံအတား လုပ်ဖို့အတွက် ကာကွယ်ရေးနဲ့ လုံခြုံရေး မိတ်ဖက်တွေ ပိုပြီး ရှာဖွေနေပုံ ရတယ်။”ဟု ခန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အလားတူ ကီလိုအမျိုးအစား ရေငုပ်သင်္ဘောများကို ရုရှဆီမှ ဝယ်ယူရန် စီစဉ်ထားပြီး လာမည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု ကာကွယ်ရေးနှင့် မဟာဗျူဟာရေးရာ သုတေသီနှင့် Defence.Capital သတင်းဌာန၏ အယ်ဒီတာဖြစ်သည့် အင်န်စီဘီပင်ဒရာက ထောက်ပြသည်။ ရုရှက တည်ဆောက်သည့် ရေငုပ်သင်္ဘောများ ဝယ်ယူရေး သဘောတူညီချက်ကို မြန်မာက ဝန်ခံထားခြင်း မရှိပေ။

အိန္ဒိယက ပေးသော INS Sindhuvir ရေငုပ်သင်္ဘောအား “မြန်မာနိုင်ငံဟာ ရေတပ်စစ်မှုထမ်းတွေကို လေ့ကျင့်ပေးဖို့နဲ့ ရုရှက နောက်ပိုင်း ပေးပို့လာမယ့် ရေငုပ်သင်္ဘောတွေကို အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်တဲ့နေရာမှာ အကျိုးရှိရှိ သုံးစွဲလိမ့်မယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။ အိန္ဒိယ၏ ရေငုပ်သင်္ဘော ပေးပို့မှုမှာလည်း မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် စစ်ရေးတို့၌ ထိုးဖောက်ထားပြီဖြစ်သော တရုတ်ကို တန်ပြန်ရန်အတွက် ဖြစ်ပုံရှိ သည်ဟု ၎င်းက အသိအမှတ်ပြု ပြောဆိုသည်။

စိတ်ဝင်စားစရာ ရှိသည်မှာ ထို ရေငုပ်သင်္ဘောများအား မြန်မာနိုင်ငံက ဝယ်ယူရန် စီစဉ်လာခြင်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၆ ခုနှစ်အတွင်း တရုတ်ထံမှ Ming အမျိုးအစား ဒီဇယ်-အီလက်ထရစ် ရေငုပ် သင်္ဘောနှစ်စင်း ဝယ်ယူပြီးနောက်တွင် ဖြစ်သည်။ “အမှတ်မထင်လို့ပဲ ဆိုရရင်တော့ ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်အကူအညီနဲ့ ကော့ဘဇားမှာ ရေငုပ်သင်္ဘော အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်။”ဟု ဘီပင်ဒရာက ပြောသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် အဓိကစီးပွားရေးမိတ်ဖက်ဖြစ်သော တရုတ်ထံမှ ကာကွယ်ရေး စစ်လက်နက်ပစ္စည်း အားလုံး ဝယ်ယူနေရခြင်းကို ရေရှည် မလိုလားတော့ပုံ ရှိသည်။ “ဒီ အချက်ဟာ တရုတ်အတွက် စိုးရိမ်စရာဖြစ်မယ်ဆိုတာ ငြင်းမရပါဘူး။”ဟု O.P. Jindal Global University မှ ကာကွယ်ရေးနှင့် မဟာဗျူဟာသုတေသန ပါမောက္ခ ပန်ကက်ဂျဟာက ပြောသည်။

“ကာကွယ်ရေးစစ်လက်နက်ပစ္စည်း ဝယ်ယူတာမှာ ဘက်စုံသုံးသပ်ပြီး ဝယ်ယူလေ၊ ကာကွယ်ရေးစွမ်းရည် ပိုမြင့်လေပါပဲ။”ဟု ၎င်းက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်၏ ရေငုပ်သင်္ဘောများ ဝယ်ယူထားပြီဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ယင်း အိမ်နီးချင်းနိုင်ငံထက် နှာတစ်ဖျားသာလိုပါက အခြား ရေငုပ်သင်္ဘော အမျိုးအစားများ ရရှိရေးကို ပိုပြီး ဦးတည်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပြုသည်။

သို့ရာတွင် မြန်မာနိုင်ငံ ရေပြင်ကာကွယ်ရေး ဆက်ဆံမှု ခိုင်မာခြင်းသည် အိန္ဒိယအတွက် ကြီးမားသော မဟာဗျူဟာမှ တစ်စိတ်တစ်ပိုင်းဖြစ်ဖွယ်ရှိသည်ဟု ဂျဟာက ယူဆသည်။ “အိန္ဒိယ၊ သီရိလင်္ကာနဲ့ မော်လ်ဒိုက်နိုင်ငံ တွေကြားမှာ ရေပြင်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ရှိထားပြီးတာမို့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းကြားမှာလည်း အလားတူ စွ်းဆောင်နိုင်တယ်ဆိုရင် ဘင်္ဂလားပင်လယ်အော်ကို ကာကွယ်ရေးအတွက် ပိုပြီးအားကောင်းလိမ့်မယ်လို့ အိန္ဒိယက စဉ်းစားမှာပဲ ဖြစ်တယ်။”ဟု သူက ဆိုသည်။

အရှေ့မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ရှိသည့် ဘင်္ဂလားပင်လယ်အော်သည် နယူးဒေလီအတွက် အထက်ပါနိုင်ငံများနှင့် ရေပြင်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင်တင်ခြင်းဖြင့် လုံခြုံမှုအာမခံချက်ရှိရန် ရည်ရွယ်  ထားသည်။ ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို သွယ်ဝိုက်ပြီး စကားနုနု သုံးထားသည့် ‘လွတ်လပ်ပွင့်လင်းပြီး ပူးပေါင်းပါဝင်သော အင်ဒို-ပစိဖိတ်ရေးရာ’ လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးပွဲ Quad ၏ ကျယ်ပြန့်သော ကြိုးပမ်းမှုများမှ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း အိန္ဒိယက ရည်ရွယ်ချက် ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောက်ဖြူ၌ ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် အခြေခံ အဆောက်အအုံစီမံကိန်းတစ်ရပ်ကို တရုတ်က ဦးစီးနေသည်။ ယင်း စီမံကိန်းအားဖြင့် တရုတ်၊ ယူန်ပြည်နယ်မှ ကျောက်ဖြူသို့ ကားလမ်းနှင့် ရထား လမ်းဖြင့် ဖောက်လုပ်ချိတ်ဆက်မည် ဖြစ်သည်။ အမေရိကန်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့အားလုံးက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်က စစ်ရေး ရည်ရွယ်ချက်ဖြင့် အသုံးချလာမည် စိုးရိမ်လျက် အဆိုပါ စီမံကိန်းကို မျက်စိဖွင့် နားဖွင့်ကာ အာရုံစိုက်ထားကြသည်။

၁၉၉၀ ခုနှစ်များမှ ၂၀၀၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံက အနောက်အုပ်စုနှင့် ကင်းကွာနေသော ကာလများအတွင်း တရုတ်နှင့် မြန်မာကြား စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိထားလင့်ကစား မြန်မာစစ်တပ် ကိုယ်တိုင်ပင် တရုတ်၏ ရည်ရွယ်ချက်များကို သတိပြုမိထားသည်။ တရုတ်သည် မြန်မာက ၎င်း၏ အချုပ်အခြာကို ခြိမ်းခြောက်မှုဟု ရှုမြင်သော နယ်စပ်ဒေသများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရားမဝင် ဆက်သွယ်မှုများကို ဆက်လက်ထိန်းသိမ်းထားသည်။

ထို အခြေအနေ၏ စိုးရိမ်ဖွယ် အခြင်းအရာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်အတွင်းဝန် ဒေးဗစ်အာရ်စတီးဝဲလ်က ပြီးခဲ့သည့်လအတွင်း ပြောရာတွင် “တရုတ်လက်နက် တွေက မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အုပ်စုတွေ ရောက်ရှိနေတယ်ဆိုတဲ့ ဆက်တိုက်သတင်းတွေကြောင့် ကျွန်တော်တို့ စိုးရိမ်ပူပန်ရတယ်။ ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် နောက်ထပ် မီးထိုးနေတာပဲ။”ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required