PNO ပါတီဝန်းရံသူများ လိုက်ပါလာသည့် မော်တော်ယာဉ် တိမ်းမှောက်သဖြင့် ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

PNO ပါတီဝန်းရံသူများ လိုက်ပါလာသည့် မော်တော်ယာဉ် တိမ်းမှောက်သဖြင့် ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
Photo Creadit - 2020 PNO

အောက်တိုဘာလ ၊ ၂၃ ၊၂၀၂၀

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီစည်းရုံးရေးခရီးစဉ်မှ အပြန်တွင် ၄င်းပါတီအား ဝန်းရံသူများ လိုက်ပါလာသည့် Canter ကားတစ်စီးတိမ်းမှောက်ခဲ့သဖြင့် သုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၂ရက်က ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်အတွင်း ရှိ ကျေးရွာအချို့သို့ PNO ပါတီက စည်းရုံးရေး သွားရောက်ခဲ့ရာ ဆိုက်ခေါင်ကျေးရွာဘက်မှ ဘန်းယဉ်ကျေးရွာဘက်သို့ အပြန် ဆီဆိုင်- ဟိုပုန်းလမ်းပေါ်ရှိ ဘန်းယဉ်တိုက်နယ်ဆေးရုံအနီးတွင် ပါတီဝန်းရံသူများလိုက်ပါလာသည့် မော်တော်ယာဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကားတွင် ဝန်းရံသူ ၁၅ ဦး လိုက်ပါလာပြီး  ကားရှေ့ဘယ်ဘက်ဘီးပေါက်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း PNO ပါတီမှ လက်ရှိ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်က မဇ္ဈိမ ကို ပြောသည်။

“တချို့ လူနာတွေလည်း ကောင်းလို့ ပြန်သွား ကြပြီး ဘန်းယဉ် ဆေးရုံးမှာတော့ ၂ ယောက် သက်သာတယ်။ တောင်ကြီး ဆေးရုံမှာ ဓာတ်မှန် ရိုက်နေတာတွေ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

ဘန်းယဉ် တိုက်နယ်ဆေးရုံတွင် ၂ ဦး ဆေးကုသမှု ခံယူနေပြီး တောင်ကြီး စပ်စံထွန်း ဆေးရုံ၌ တစ်ဦး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီး ၃ ဦးမှာ အသက် ၃၆နှစ် အရွယ် တစ်ဦး အပါဝင် အသက် ၄၆ နှစ်နှင့် ၅၂ နှစ် အရွယ် တို့  ဖြစ်ပြီး ဟိုပုန်းမြို့နယ် နမ့် ခုတ်စံပြကျေးရွာ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ် နာရေး ကိစ္စကို အရင်ဆောင်ရွက်နေတယ် ကျန်တဲ့ အပိုင်းတွေဟာ ကျနော်တို့ ဆောင်ရွက် မယ် အခု နာရေးအိမ်တွေကို တအိမ်တက်ဆင်းလုပ်နေတယ်”ဟု ဦးခွန်မောင်ပယ်က ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ကွယ်လွန်သွားသည့် အမျိုးသမီး ၃ ဦး၏ မိသားစုနှင့် ထပ်တူ ဝမ်းနည်းပါကြောင်း အခြားပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (ပ၊အ၊မ၊ဖ) ပါတီကလည်း ဝမ်းနည်းကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

 ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသူများ သေဆုံး ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍  ဘန်းယဉ် ရဲစခန်းက ယာဉ်မောင်း ခွန်မောင်မြကို  ရာဇသတ် ကြီး ပုဒ်မ ၃၀၄ ( က) (ပေါ့လျော့ခြင်းဖြင့် သေစေမှု)၊ ပုဒ်မ ၃၃၈ (အပြင်းအထန်နာကျင်စေမှု)  ၊ ပုဒ်မ ၃၃၇(နာကျင်စေမှု)၊ ပုဒ်မ ၂၇၉ (အများပြည်သူဆိုင်ရာလမ်းတွင် အရမ်းမောင်းနှင်ခြင်း) တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly