Covid-19 ကြောင့် ခဏရပ်နားထားပြီးနောက် ကာတာမှာ ကုလားအုတ်ပြိုင်ပွဲ ပြန်လည်စတင်

Covid-19 ကြောင့် ခဏရပ်နားထားပြီးနောက် ကာတာမှာ ကုလားအုတ်ပြိုင်ပွဲ ပြန်လည်စတင်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဖေဖော်ဝါရီလမှာ နောက်ဆုံးရာသီ ကုလားအုတ်ပြိုင်ပွဲကို ရပ်နာထားခဲ့ရပြီးနောက် ပြိုင်ပွဲဝင်အသင်းတွေဟာ ကာတာနိုင်ငံမှာ လှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်လာပါတယ်။ 

၂၀၂၀-၂၁ ရာသီဟာ စက်တင်ဘာလကနေ ဧပြီလအထိဖြစ်ပါတယ်။ 

ဆုကြေးတွေဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အထင်ကရပြိုင်ပွဲတွေဖြစ်တဲ့ မတ်လမှာ အာမီ (Amir)ပွဲတော် ဒါမှမဟုတ် ဧပြီလမှာ ရာသီပိတ် Challenger ပွဲတော်မျိုးမှာ  ကာတာရီယယ် ၈,၀၀၀ (ဒေါ်လာ ၂,၁၀၀)ကနေ ရီယယ်သန်း ၁၀ ကျော်အထိဖြစ်ပါတယ်။ 

ကုလားအုတ်ပြိုင်ပွဲဟာ ပင်လယ်ကွေ့နဲ့ ကာတာရဲ့ ရှေးဟောင်းအမွေအနှစ် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ များသောအားဖြင့် မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုဆီ လက်ဆင့်ကမ်းတဲ့ ရှေးရိုးရာအစဉ်အလာတစ်ခုဖြစ်ပါတယ်။ 

သေးငယ်တဲ့ စော်ဘွားနိုင်ငံမှာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲကို ၁၉၇၀ အစောပိုင်းကာလဝန်းကျင်းမှသာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

အယ်လ်ရှာဟာနီရာပြိုင်ပွဲ ပြေးလမ်းကြောင်းဟာ ဒိုဟာအလယ်ပိုင်းကနေ ကားနဲ့ တစ်နာရီခန့် အကွာအဝေးမှာ တည်ရှိပြီး ပြိုင်ပွဲတွေ အများဆုံး ကျင်းပရာနေရာဖြစ်ပါတယ်။ 

ကာတာဟာ ပြိုင်ပွဲဝင် ၂,၀၀၀ နီးပါးရှိပြီး ပြိုင်ပွဲကြီးတွေဟာ ပင်လယ်ကွေ့ဒေသတစ်လျှောက်ရှိ ကုလားအုတ် ၁၃,၀၀၀ အထိ ဆွဲဆောင်ထားနိုင်ပါတယ်။ 

အဝေးကနေ ထိန်းချုပ်ထားတဲ့ စက်ရုပ်တွေကို ဂျော်ကီတွေလို အသုံးပြုတာ ကာတာနိုင်ငံမှာ ၂၀၀၄ ခုနှစ်ကတည်းကပါ။ 

အရင်ကတော့ ပြိုင်ပွဲအတွင်းမှာ အသက် ၄ နှစ် ကလေးငယ်လေးတွေဟာ ကုလားအုတ်တွေကို စီးနင်းခဲ့ပြီး အခုအခါမှာတော့ ဒီအလေ့အထဟာ တရားမဝင်ဖြစ်နေပြီဖြစ်ပါတယ်။ 

နည်းပြတွေဟာ ပြိုင်ပွဲတွေမှာ ကုလားအုတ်ရဲ့ ကျောကုန်းမှာ စက်ရုပ်တစ်ခု တပ်ဆင်ပေးထားပြီး ရေဒီယိုထုတ်လွှင့်စက် (transmitter)ကနေ တစ်ဆင့် သူတို့ရဲ့ ကုလားအုတ်တွေကို ဆက်သွယ်ပါတယ်။ 

ကုလားအုတ်ကို မခြောက်လန့်မိစေဖို့ စက်ရုပ်ဟာ လူပုံစံရှိပြီး လူအသံထွက်ပါတယ်။ ပိုင်ရှင် ဒါမှမဟုတ် နည်းပြက ကိုင်းညွတ်တာ၊ ဟန်ချက်ညီအောင်ထိန်းတာ၊ ကျာပွတ်ကိုင်တာနဲ့ ကုလားအုတ်ကို လမ်းညွှန်ပေးတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ 

ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ပိုင်ရှင်တွေနဲ့ နည်းပြတွေရဲ့ အဖွဲ့ဟာ စက်ရုပ်တွေကို ထိန်းချုပ်တဲ့အနေနဲ့ လမ်းကြောင်းတစ်လျှာက် 4X4s ကားတွေ စီးနင်းကြပါတယ်။ 

ပြိုင်ပွဲတစ်ခုပြီးတိုင်းမှာ အနိုင်ရတဲ့ ကုလားအုတ်တွေဟာ ဆေးကျမကျ သိနိုင်ဖို့ သွေးနဲ့ ဆီးစစ်ဆေးမှုတွေကို ခံယူရပါတယ်။ 

ပြိုင်ပွဲတိုင်းကို ပြည်တွင်း ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပေမယ့်လည်း ပြိုင်ပွဲစီစဉ်သူတွေဟာ ဆိုရှယ်မီဒီယာခေတ်နဲ့အညီ လိုက်ဖက်အောင်လည်း လုပ်ကြပြန်ပါတယ်။ 

ကာတာရဲ့ ကုလားအုတ်ပြိုင်ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်တာ သာမက ပြိုင်ပွဲနေ့ ပွဲစဉ်ဇယားနဲ့ တွေ့ဆုံမှု ရလဒ်တွေကိုလည်း ထုတ်လွှင့်ပါတယ်။ 

ကာတာရဲ့ ကုလားအုတ်ပြိုင်ပွဲအဖွဲ့ချုပ်ဟာ Snapchat မှာဆို ပရိသတ် (followers) ၁.၈ သန်း ရှိပါတယ်။ 

ပြိုင်ပွဲဝင်ကုလားအုတ်တွေဟာ အရည်အချင်းပြည့်မီဖို့ တစ်နာရီကို အနည်းဆုံး ကီလိုမီတာ ၄၀ (တစ်နာရီလျှင် ၂၅ မိုင်)နှုန်းဖြင့် ပြေးနိုင်ရမှာပါ။ 

ပြိုင်ပွဲပြေးလမ်းကြောင်းရှည်ဟာ ပြိုင်ပွဲနဲ့ ကုလားအုတ်တွေရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး လေးကီလိုမီတာကနေ ၁၀ ကီလိုမီတာ (၂.၅ မိုင်မှ ၆ မိုင်)အထိ ရှိပါတယ်။ 

အနိုင်ရတဲ့ ကုလားအုတ်တွေဟာ ဆုကြေး ရီယယ် ၂ သန်းအထိ ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly