အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား တိုက်ပွဲတွေအတွင်း လူ ၅၀၀၀ နီးပါး သေဆုံးတယ်လို့ ပူတင် ပြော

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား တိုက်ပွဲတွေအတွင်း လူ ၅၀၀၀ နီးပါး သေဆုံးတယ်လို့ ပူတင် ပြော

အောက်တိုဘာ ၂၃ ၊ ၂၀၂၀

အငြင်းပွား နာဂေါ်နိုကာရာဘတ်ရှ်ဒေသနဲ့ ပတ်သက်ပြီး အာမေးနီးယားတပ်တွေနဲ့ အဇာဘိုင်ဂျန်စစ်တပ်ကြားက သီတင်းသုံးပတ်ကျော် တိုက်ပွဲတွေအတွင်းမှာ သေဆုံးသူပေါင်း ၅၀၀၀ နီးပါး ရှိတယ်လို့ ရုရှသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့မှာ ပြောပါတယ်။

“ကျွန်တော်တို့ အချက်အလက်တွေအရတော့ တစ်ဖက်စီမှာ လူ ၂၀၀၀ နီးပါး သေဆုံးကြတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေဟာ ၅၀၀၀ နီးပါး ရှိပါတယ်။”လို့ ပူတင်က ရုပ်သံကတစ်ဆင့် ပြောပါတယ်။

အဇာဘိုင်ဂျန်နယ်ထဲက ကာရာဘတ်ရှ်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ အာမေးနီးယား ခွဲထွက်ရေးသမားတွေနဲ့ အဇာဘိုင်ဂျန်စစ်တပ်တို့ကြားက တိုက်ပွဲတွေမှာ သေဆုံးနှုန်းကို မကြာသေးခင်က တရားဝင်ထုတ်ပြန်ရာမှာ ၁၀၀၀ အောက်တာ ရှိတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

နှစ်ဖက်စလုံးက ဆက်လက်တိုက်ခိုက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပြီး အပစ်ရပ်ရေး နိုင်ငံတကာရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း အတော်လေး မျက်ကွယ်ပြုထားကြတာ ဖြစ်ပါတယ်။

ဒီလ အစောပိုင်းမှာ ရရှိခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်နှစ်ရပ်ဟာလည်း တိုက်ပွဲတွေ ရပ်ဖို့ သဘောတူထားတာကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲရင်း ချက်ချင်းဆိုသလို ပျက်ပြယ်သွားခဲ့ရတာပါ။

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဝါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုနဲ့ သောကြာနေ့မှာ သီးခြားစီ တွေ့ဆုံကြဖို့ ရှိနေပါတယ်။

သမ္မတ ပူတင်က သူ့အနေနဲ့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုပါရှင်းနီယန်းနဲ့ အဇာဘိုင်ဂျန် သမ္မတ  အီဟမ်းအလီယက်ဗ်တို့နဲ့ မပြတ်ဆက်သွယ်နေကြောင်း ပြောပါတယ်။

“သူတို့ကို ဖုန်းကနေတစ်ဆင့် တစ်နေ့ကို အကြိမ်အတော်လေး ခေါ်ဆိုစကားပြောနေပါတယ်။”ဆိုပြီး သမ္မတ ပူတင်က ပြောပါတယ်။

အဇာဘိုင်ဂျန်တပ်တွေဟာ အိမ်နီးချင်း အီရန်ရဲ့ နယ်စပ်ကို အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ သမ္မတ အလီယက်ဗ်က ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်က စတင်တဲ့ တိုက်ပွဲတွေမှာ အဇာဘိုင်ဂျန်တပ်တွေက စစ်ရေးအလေးသာနေကြောင်း ၎င်းက ပြောပြီး ဗုဒ္ဓဟူးနေ့မှာတော့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုပါရှင်းနီယန်းက ရှေ့တန်းမှာ ၎င်းတို့နိုင်ငံအနေနဲ့ ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly