အမေရိကန် FDA က ရမ်ဒက်ဆီဗျားကို ကိုဗစ်-၁၉ ကုသဆေးအဖြစ်သုံးဖို့ ခွင့်ပြုချက်အပြည့်အဝပေး

အမေရိကန် FDA က ရမ်ဒက်ဆီဗျားကို ကိုဗစ်-၁၉ ကုသဆေးအဖြစ်သုံးဖို့ ခွင့်ပြုချက်အပြည့်အဝပေး
Photo - AFP

အောက်တိုဘာ ၂၃

အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) က မေလတုန်းက ကိုဗစ်-၁၉ အရေးပေါ်ကုသဆေးအဖြစ်ခွင့်ပြုပေးခဲ့တဲ့ ဗိုင်းရပ်စ်ကုသဆေး ရမ်ဒက်ဆီဗျား (Remdesivir) ကို အခုအခါ ဆေးရုံတင်ထားရတဲ့ကိုဗစ်လူနာတွေအတွက် ကုသဆေးအဖြစ်သုံးဖို့ အောက်တိုဘာ ၂၂ ရက်က ခွင့်ပြုချက်အပြည့်အဝ ပေးလိုက်ပြီဖြစ်ပါတယ်။

Veklury အမှတ်တံဆိပ်နဲ့ရောင်းချမယ့် အဆိုပါ ရမ်ဒက်ဆီဗျားဆေးဟာ ပြင်းထန်တဲ့ရောဂါအခြေအနေမှာ သုံးခွင့်ရထားတဲ့ ကိုဗစ်-၁၉ အတွက်တစ်ခုတည်းသော ကုသဆေးဖြစ်တယ်လို့ ဂစ်လိယက် (Gilead) ကုမ္ပဏီကပြောပါတယ်။ 

ဒါပေမယ့် အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုချက်ရထားတဲ့ တခြားကုသနည်းတွေလည်းရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအရေးပေါ်အခြေအနေတွေ ပြီးဆုံးသွားတဲ့အချိန်မှာ ခုလို ခွင့်ပြုချက်ကို ပြန်ရုပ်သိမ်းသွားနိုင်ပါတယ်။ 

ရောင်ရမ်းနာကျင်တာတွေကို ကုသရာမှာသုံးတဲ့ စတီးရွိုက်ဒက်ဆာမီသာဇုန်း (dexamethasone) လို ဆေးတွေကိုလည်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ အသုံးပြုနေကြပါတယ်။

FDA အနေနဲ့ မှန်းရခက်တဲ့ ကျန်းမာရေးအရေးပေါ်အခြေအနေမှာ ကိုဗစ်-၁၉ ကုသမှုဆိုင်ရာ ဆေးတီထွင်မှုနဲ့ ရရှိနိုင်မှုတွေကို မြန်ဆန်သွက်လက်စေဖို့ ကတိကဝတ်ပြုထားတယ်လို့ FDA ကော်မရှင်အဖွဲ့ဝင် စတီဖင်ဟန်က ပြောပါတယ်။

“FDA က အသေးစိတ်အကဲဖြတ်ထားတဲ့ လက်တွေ့စမ်းသပ်မှုပေါင်းများစွာက အချက်အလက်တွေအရ ရမ်ဒက်ဆီဗျား ဆေးကိုသုံးဖို့ အပြည့်အဝသဘောတူခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဒီသဘောတူခွင့်ပြုချက်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အရေးပါတဲ့ သိပ္ပံဆိုင်ရာသမိုင်းမှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါတယ်” လို့ စတီဖင်ဟန်က ပြောပါတယ်။

ဥရောပနဲ့ ကနေဒါလို တခြားနိုင်ငံတွေမှာလည်း ရမ်ဒက်ဆီဗျားကိုသုံးဖို့ ယာယီခွင့်ပြုချက် ပေးထားပါတယ်။ 

ထိုးဆေးပုံစံနဲ့အသုံးပြုမယ့် ရမ်ဒက်ဆီဗျားဆေးဟာ တချို့ ကိုဗစ်လူနာတွေမှာ အချိန်တိုအတွင်းနာလန်ပြန်ထူလာတဲ့အလားအလာတွေ ပြသခဲ့တဲ့ ပထမဆုံးဆေးဝါးတွေအနက် တစ်ခုဖြစ်ပါတယ်။ 

ဒါပေမယ့် သေဆုံးနှုန်းလျှော့ချရာမှာ ၎င်းဆေးရဲ့ထိရောက်မှုကိုတော့ သက်သေမပြနိုင်သေးပါဘူး။

ရမ်ဒက်ဆီဗျားကို ကိုဗစ်-၁၉ ကူးစက်မှုကြောင့်ဆေးရုံတက်ရောက်ကုသဖို့လိုမယ့် ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် (၈၈ ပေါင်) ရှိ အသက် ၁၂ နှစ်အထက်ကလေးတွေနဲ့ လူကြီးတွေအတွက် အသုံးပြုနိုင်ပါတယ်။

ရမ်ဒက်ဆီဗျားကို ဆေးရုံတက်လူနာတွေ ဒါမှမဟုတ် ဆေးရုံတက်ရမယ့်အခြေအနေရှိတဲ့ လူနာတွေအတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အသက် ၁၂ နှစ်အောက် ကိုယ်အလေးချိန် အနည်းဆုံး ၃.၅ ကီလိုဂရမ် (၇.၇ ပေါင်) ရှိ ကလေးလူနာတွေအတွက်လည်း အရေးပေါ်အသုံးပြုခွင့် ပေးထားပါတယ်။

အောက်တိုဘာလဆန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ဝါရှင်တန်ပြင်ပက စစ်ဆေးရုံမှာ တခြားဆေးဝါးတွေနဲ့အတူ ရမ်ဒက်ဆီဗျားနဲ့  ကုသမှုပေးခဲ့တာဖြစ်ပါတယ်။ 

အမေရိကန်ဟာ ရမ်ဒက်ဆီဗျားဆေးရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး အခိုင်အမာပြောဆိုခဲ့ကာ ဂစ်လိယက်ရဲ့ နွေရာသီထုတ်ကုန်ဆေးအားလုံးနီးပါး ကြိုတင်မှာယူမှုတွေအတွက် အသည်းအသန်ထုတ်လုပ်နေရပါတယ်။

အမေရိကန် ပုဂ္ဂလိကအာမခံသူတွေက ရမ်ဒက်ဆီဗျားဆေးတစ်လုံးကို အမေရိကန်ဒေါ်လာ ၅၂၀ နဲ့ ဝယ်နိုင်တယ်လို့ ပြောနေပေမယ့်လည်း ဂစ်လိယက်ကုမ္ပဏီက ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် ဆေးတစ်လုံးကို ဒေါ်လာ ၃၉၀ သတ်မှတ်ထားပြီး ငါးရက်တာကာလအတွက်အသုံးပြုဖို့ ဆေးခြောက်လုံးစာအတွက် အမေရိကန်ဒေါ်လာ ၂ ၃၄၀ ဈေးသတ်မှတ်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required