ထိုင်းဆန္ဒပြပွဲတွေမှာ CIA နဲ့ ခိုင်းနှိုင်းခံရတဲ့ လမ်းဘေးဈေးသည်များ

ထိုင်းဆန္ဒပြပွဲတွေမှာ CIA နဲ့ ခိုင်းနှိုင်းခံရတဲ့ လမ်းဘေးဈေးသည်များ
Photo - AFP

အောက်တိုဘာ ၂၃

ထောက်လှမ်းရေးကွန်ရက်တစ်ခုဟာ CIA နဲ့ ခိုင်းနှိုင်းခံရတယ်ဆိုရင်တော့ အတော်လေးကို ကျေနပ်အားရစရာပါ။ ထိုင်းနိုင်ငံက အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြားမှာ The CIA ဆိုပြီး နာမည်တပ် ခိုင်းနှိုင်းခံနေရသူတွေကတော့ လမ်းဘေးဈေးသည်တွေပါပဲ။

လျှို့ဝှက်စွာ စည်းရုံးလှုံ့ဆော်ပြီးမှ အစိုးရကို ဆန့်ကျင်တဲ့ စုရုံးဆန္ဒပြပွဲတွေမှာ အမြဲလိုလို လမ်းဘေးဈေးသည်တွေ ရောက်ရှိလာတတ်ပြီး တစ်ခါတစ်ရံမှာဆို လျှို့ဝှက်စုရပ်ဆီ ဆန္ဒပြသူတွေ မစုရုံးခင်မှာတောင် သူတို့တွေက ကြိုရောက်နေတတ်ပါတယ်။

အခုလို လျှို့ဝှက်ဆန္ဒပြစုရပ်တွေဆီကို ခြေသွက်လက်သွက်နဲ့ သိရှိရောက်ရှိနေတတ်တဲ့ လမ်းဘေးဈေးသည်တွေရဲ့ ထောက်လှမ်းရေးအစွမ်းကြောင့် The CIA ဆိုပြီး နာမည်တပ်ခံရတော့တာပဲ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန္ဒပြစုရပ်တွေဆီ လမ်းဘေးဈေးသည်တွေဟာ သိရှိရောက်ရှိလာတတ်ကြပြီး ဆာလောင်နေတဲ့ ဆန္ဒပြလူအုပ်ကို ဝက်သားချဉ်စပ်တွေ၊ ငါးလုံးကြော်တွေ ရောင်းချကြတာဟာ ပုံမှန်ထက်ကို ရောင်းကောင်းနေတော့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရရဲ့ ဖြိုခွင်းခံခဲ့ရတဲ့ နောက်မှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဆင်နွှဲရေးမှာ အာဏာပိုင်တွေကို တစ်ပတ်ရိုက်ဖို့အတွက် စုရပ်နေရာကို နောက်ဆုံးမိနစ်အထိ လျှို့ဝှက်ထားရှိပြီး လှုပ်ရှားလာကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အယောင်ပြစုရပ်တွေနဲ့ အာဏာပိုင်တွေကို လှည့်စားပြီး နောက်ဆုံး မိနစ်ချိန်မှ အမှန်စုရပ်ကို အချင်းချင်း အကြောင်းကြားကြတာတွေ ရှိပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်သူတွေကတော့ လမ်းဘေးဈေးသည်တွေပဲ ဖြစ်ပါတယ်။

အသားလုံးရောင်းသူ ရတ်တာပိုက နောက်ဆုံးဆန္ဒပြစုရပ်ရဲ့ အရိပ်အယောင်ကို ဖေ့ဘုတ်ကနေ မပြတ်စောင့်ကြည့်နေပြီး သိပြီဆိုတာနဲ့ အခြား လမ်းဘေးဈေးသည်အချင်းချင်း သတင်းဖလှယ် အကြောင်းကြားပေးနေကြတာ ဖြစ်ပါတယ်။

ခုလို ဆန္ဒပြမယ့် နေရာကို သိပြီဆိုတာနဲ့ တက်သုတ်ရိုက်သွားရောက်ကြပြီး အစားအစာတွေကို ရောင်းချကြတော့တာပဲ ဖြစ်ပါတယ်။

“အရင်ကလည်း ကျွန်တော် ဈေးရောင်းပြီး ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေမှာ ဈေးရောင်းရတာကတော့ ပုံမှန်ထက်ကို အရောင်းသွက်တယ်။”လို့ အောင်မြင်မှုကျောက်တိုင်နားမှာ ဈေးတွန်းလှည်း ခင်းထားတဲ့ အသက် ၁၉ နှစ်အရွယ် ရတ်တာပိုက အေအက်ဖ်ပီကို ပြောပါတယ်။

ဇူလိုင်လကစပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာချိန်ကတည်းက ဈေးရောင်းချတာတွေ အရောင်းသွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါအပြင် လမ်းဘေးဈေးသည်တွေကလည်း ဆန္ဒပြပွဲတွေရဲ့ ဘေးပန်းက အားတစ်ရပ်အဖြစ် ရှိလာပါတယ်။

အင်္ဂါနေ့က ဆန္ဒပြစုရုံးမှုသစ် ဆင်နွှဲဖို့ ဆင့်ခေါ်စာအဖြစ် အစားအစာတွန်းလှည်းမှာ “CIA တွေကို အဲဒီနေရာဆီ အရင်ဆုံး စေလွှတ်ကြစို့”ဆိုတဲ့ စာတမ်းကို ကပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ လမ်းဘေးဈေးသည်တွေအတွက် ပွပေါက်တိုးစေတာဖြစ်တာကြောင့် ရတ်တာပိုဆိုရင် အရင်က သူ့ စားသောက်ကုန်တွေကို ညလုံးပေါက် ရောင်းခဲ့ရပေမယ့် ခုအခါမှာ ည ၈ နာရီ မထိုးခင် ရောင်းကုန်တော့တာဖြစ်တာကြောင့် ဘဝက ပိုပြီး သက်သောင့်သက်သာ ရှိလာခဲ့ပါတယ်။

အချို့ လမ်းဘေးဈေးသည်တွေကတော့ မီးဖိုပါတဲ့ လှည်းကို ဆိုင်ကယ်နဲ့ တွဲထားပြီး ဆန္ဒပြစုရပ်တွေဆီ လိုက်လံ ရောင်းချပါတယ်။ တစ်နေ့ကို အမေရိကန်ဒေါ်လာ ၉၇ ဒေါ်လာလောက်သာ ဈေးရောင်းဝင်ငွေ ရနေခဲ့တဲ့ ကြက်ကြော်ရောင်းတဲ့ အနုချာက ဆန္ဒပြပွဲတွေမှာ ဈေးရောင်းကောင်းပုံကို ခုလို ပြောပါတယ်။

“ဆန္ဒပြနေရာတွေမှာ ကျွန်တော် လာရောင်းကတည်းက ဝင်ငွေ နှစ်ဆတိုးပြီး တစ်နေ့ကို ဘတ် ၆၀၀၀ (ဒေါ်လာ ၁၉၂ ဒေါ်လာ) လောက်အထိ ဝင်ငွေခိုင်တယ်။”လို့ အသက် ၂၁ နှစ်အရွယ် အနုချာက ဆိုပါတယ်။

အခု ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ တောင်းဆိုချက်တွေကို သူ့အနေနဲ့ ထောက်ခံကြောင်း အနုချာက ပြောပြီး ဘုရင်သစ္စာခံတွေနဲ့ တန်ပြန်လူစုရုံးဆန္ဒပြပွဲတွေဆီတော့ သွားပြီး ဈေးမရောင်းဘူးလို့ ပြောပါတယ်။

ထိုင်းဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရ နုတ်ထွက်ရေး၊ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ရေးနဲ့ မတို့မထိရဲအောင် ဩဇာကြီးတဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတွေကို တောင်းဆိုဆန္ဒပြလျက် ရှိကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required