မည်သူပဲလုပ်လုပ် တိုင်းပြည်ကောင်းအောင် လုပ်ရန်သာ အရေးကြီးကြောင်း သမ္မတဟောင်း ဦးသိန်းစိန် သတင်းစကား ပါး

မည်သူပဲလုပ်လုပ် တိုင်းပြည်ကောင်းအောင် လုပ်ရန်သာ အရေးကြီးကြောင်း သမ္မတဟောင်း ဦးသိန်းစိန် သတင်းစကား ပါး
Photo - AFP

အောက်တိုဘာ ၂၂၊ ၂၀၂၀

“တိုင်းပြည်ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင် လုပ်ဖို့သာ အရေးကြီးပါကြောင်း” ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း၊ သမ္မတဟောင်း ဦးသိန်းစိန်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများကို သတင်းစကား ပါးလိုက်သည်။

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဝန်းရံသူများက ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်ထံ တင်ပြတောင်းဆိုချက်အရ ယခုကဲ့သို့ သတင်းစကား ပေးပို့ခြင်းဖြစ်သည်ဟု သတင်းပါးသည့်စာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ အတော်ပင် နီးနေပြီဖြစ်ကြောင်း၊ သန့်သန့်ရှင်းရှင်းနှင့် ယှဉ်ပြိုင်ကြရန်သာ လိုအပ်ကြောင်း၊ ရှုံးတာနိုင်တာကမူ ရှိမည်ပင်ဖြစ်ကြောင်းနှင့် နိုင်လျှင်လည်း ဝမ်းမသာရန်၊ ရှုံးလျှင်လည်း စိတ်မပျက်ရန် ဦးသိန်းစိန်က တိုက်တွန်းထားသည်။

ကိုဗစ်ကပ်ရောဂါနှင့် ကြုံချိန် ရွေးကောက်ပွဲနှင့် တိုက်ဆိုင်ခြင်းက ကံဆိုးတာဟု ပြောရမည် ဖြစ်ကြောင်း၊ ပြည်သူများက မဲသွားပေးချင်သော်လည်း ရောဂါကူးစက်မည်ကို ကြောက်နေသည့်တိုင် မတတ်နိုင်ကြောင်း၊ ပြည်သူများ၏ ဆန္ဒအတိုင်းသာ ဖြစ်ကြောင်းနှင့် မဲသွားပေးလျှင် ရောဂါမကူးစက်အောင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကာကွယ်ကြရန် အထူးလိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

ကိုဗစ်ကပ်ရောဂါသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး၊ ရဟန်းရှင်လူမရွေး အသက်များကို နုတ်ယူသွားခြင်းဖြစ်၍ အလွန်ကြောက်ဖို့ကောင်းကြောင်း၊ သတိထား၍ ဆောင်ရွက်ကြပါဟု ပြောလိုကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများနှင့် ပါတီဝင်၊ ပါတီဝန်းရံသူများအားလုံး ကိုဗစ်ကပ်ရောဂါမှ ကင်းဝေးစေရန် နေ့စဉ် ဆုတောင်းမေတ္တာ ပို့သကြောင်းလည်း ဦးသိန်းစိန်၏ သတင်းစကားပါးသည့်စာတွင် ဖော်ပြထားသည်။

လက်ရှိ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီတွင် လာမည့် ရွေးကောက်ပွဲအတွက် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော် ရှိပြီး နှင်းဆီပါတီ ပယ်ဖျက်ခံရသည့်အတွက် အမျိုးသားဒီမိုကရေစီ ပါတီပြီးလျှင် အင်အား ဒုတိယ အများဆုံးနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖြစ် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required