ရုရှရေငုပ်သင်္ဘောများနှင့် ရေအောက်ဂြိုဟ်သားယာဉ်များ၏ စစ်ပွဲအကြောင်း ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများက ဖော်ပြ

ရုရှရေငုပ်သင်္ဘောများနှင့် ရေအောက်ဂြိုဟ်သားယာဉ်များ၏ စစ်ပွဲအကြောင်း ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများက ဖော်ပြ

အောက်တိုဘာ ၂၂ ၊ ၂၀၂၀

သမုဒ္ဒရာ ရေအောက်အနက်တွင် ရုရှရေငုပ်သင်္ဘောများသည် ဂြိုဟ်သားယာဉ်များနှင့် လျှို့ဝှက်စစ်ပွဲတစ်ရပ်ကို တိုက်ခိုက်နေရကြောင်း ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ ကရင်မလင်မှတ်တမ်းများအရ သိရသည်။

ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ဝင်ခန်းကဲ့သို့ပင် ရုရှရေငုပ်သင်္ဘောများသည် ထူးခြားဆန်းပြားသော ရေအောက်ယာဉ်များနှင့် သူတင် ကိုယ်တင် လိုက်လံမှုများ ဖြစ်ပွားသည်ဟု ဗြိတိန် စုံစမ်းစစ်ဆေးရေးအရာရှိက ရုရှမှတ်တမ်းများ နှင့် စစ်ပြန်များကို မေးမြန်းမှုများကို အခြေခံပြီး Russia’s USO Secrets (ရုရှ၏ အမျိုးအမည်မသိ ပင်လယ်တွင်းမှာ ရွေ့လျားအရာဝတ္ထုများ) စာအုပ်သစ်တွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ်အတွင်း ဘာမြူဒါတြိဂံက ထူးခြားဆန်းပြားသည့် ဖြစ်ရပ်တစ်ခုကို ဖော်ပြရာတွင် နျူကလီးယားရေငုပ်သင်္ဘော တပ်မှူးဟောင်း ယူရီဘီကီတော့ဗ်က “တွေးလို့တောင် မရနိုင်တဲ့ အရှိန်နှုန်းနဲ့ ရွေ့လျားမောင်းနှင်နေ တဲ့ အရာတွေကို ကျွန်တော်တို့ အကြိမ်ကြိမ် ထောက်လှမ်းတွေ့ရှိတယ်။ သူတို့တွေရဲ့ အလျင်နှုန်းဟာ တစ်နာရီ ကီလိုမီတာ ၄၀၀ လောက် ရှိတယ်။”ဟု ပြောသည်။

“မြေပြင်ပေါ်မှာတောင် ဒီလို အလျင်နှုန်းနဲ့ ရွေ့လျားနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဝေဟင်ထဲမှာဆိုရင်တောင် ဖြစ်နိုင်သလောက်တော့ ရှိပါတယ်လို့ ပြောရမယ့် အလျင်နှုန်းပဲ။ အဲဒီ တွေ့မြင်ခဲ့ရတဲ့ အရာတွေဟာ ဒီ ကမ္ဘာက ဖန်တီး မှုတွေ အားလုံးထက် အများကြီး သာလွန်တယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ စာအုပ်တွင် စစ်အေးကာလ ပင်လယ်ပြင်၌ ရန်ပြုသော အပြုအမူများအပါအဝင် ရုရှစစ်ပြန်ဟောင်းများ အနီးကပ်ထိပ်တိုက်တွေ့ခဲ့ရသည့် အရာများအကြောင်းလည်း ပါဝင်သည်။

ပန်းကန်ပြားပျံဟု ခေါ်ဆိုကြသော အမျိုးအမည်မသိ ရွေ့လျားပျံသန်းနေသော အရာများဆိုသည့် UFOs များသည် ဝေဟင်၌ ထွက်ပေါ်လာပြီးနောက် ပင်လယ်ရေလှိုင်းများအောက် ထိုးဆင်းသွားကြပုံကို ၎င်း စစ်ပြန်ဟောင်း များက ပြောကြသည်။

ခြောက်ခြားစရာ ဖြစ်ရပ်တစ်ခု၌ ရေငုပ်သင်္ဘောကပ္ပတိန်တစ်ဦးသည် USO တစ်စင်း၏ လမ်းကြောင်းကို ရေအောက်အနက်အထိ အမှီလိုက်ရန် အမိန့်ပေးရာ ယင်း ယာဉ်က လမ်းကြောင်းပြောင်းပြီး အရှိန်မြှင့်သွားခဲ့သည်ဟု ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး အိုလက်ဆိုကိုလော့ဗ်က ကျောင်းသားများအား ပြောရာတွင် ၎င်း တာဝန်ကျစဉ်အချိန်က ရေအောက်မှ ထိုးထွက်လာသည့် ထူးဆန်းသည့် အရာတစ်ခုကို ပယ်ရီစကုပ်မှတစ်ဆင့် မြင်တွေ့ခဲ့ဖူးကြောင်း ပြောသည်။

အခြားအမှုထမ်းတစ်ဦး အတွေ့အကြုံတွင် ဆေးပြင်းလိပ်ပုံသဏ္ဍာန် UFO တစ်စင်းကို မြင်တွေ့ရပြီး ယင်းယာဉ်မှ အတ္တလန္တိတ်သမုဒ္ဒရာထဲ ရောင်ခြည်တန်းများ သုံးကြိမ်ပစ်လွှတ်သည်ကို မြင်ခဲ့ဖူးသည်ဟု ယခု စာအုပ်၌ ဖော်ပြသည်။

ထို UFO သည် မီတာ ၂၀၀ မှ ၂၅၀ ကြား ရှည်လျားပြီး သမုဒ္ဒရာ အောက်ပိုင်းသို့ တစ်ရူးရူး မြည်သံထွက်လျက် ဖြည်းညှင်းစွာ ငုပ်ဆင်းသွားပြီး မိုင်ဝက်ခန့်အကွာရှိ ရေငုပ်သင်္ဘောဆီမှပင် ကြားရသော်လည်း ရေဒါတွင်တော့ ယင်း ယာဉ်က မပေါ်ပေ။

ယူကရိန်းရှိ ဆီဗက်စတိုပိုဆိပ်ကမ်းမြို့မှ အဏ္ဏဝါသိပ္ပံပညာရှင်များကလည်း ပင်လယ်နက်၌ ၎င်းတို့ ရေအနက်အောက် ငုပ်လျှိုးကြချိန်တုန်းက ကြီးများသည့် ဘီးသဏ္ဍာန် လည်ပတ်နေသည့် အရာကြီးကို မြင်တွေ့ခဲ့ရသည်ဟု ပြောကြသည်။

မှတ်တမ်းတင်ထားခဲ့သော ၁၉၅၁ ခုနှစ်က အဖြစ်အပျက်တွင် ဆိုဗီယက်ရေငုပ်သင်္ဘောတစ်စင်းက ကမ်းခြေများဖက် ဦးတည်သွားနေသည့် အလွန်ကြီးများသော ရေအောက်ယာဉ်ကြီးတစ်စင်းကို တွေ့ရှိခဲ့သည်ဟု ဆိုထား သည်။

ရေငုပ်သင်္ဘော ကပ္ပတိန်က ယင်း USO ယာဉ်ကြီး၏ လမ်းကြောင်းတွင် ရေအောက်ဗုံးများ ကြဲရန် အမိန့်ပေးခဲ့သော်လည်း ထို ယာဉ်မှ တိုက်ခိုက်မှုကို ပြန်လည်မတုံ့ပြန်ပဲ လမ်းကြောင်းအတိုင်း ရွေ့လျားနေကာ ပင်လယ် မျက်နှာပြင်ပေါ်သို့ တစ်ဟုန်ထိုး ထိုးတက်သွားခဲ့သည်ဟု ဆိုသည်။ မီတာ ၅၀ ရေအနက်‌ အရောက်တွင် ထိုးတက်နေခြင်းကို ရပ်တန်ပြီး လမ်းကြောင်းပြောင်းကာ ထွက်ခွာသွားခဲ့သည်။

၁၉၇၈ ခုနှစ်အတွင်း မြေထဲပင်လယ်၌ UFO တစ်စင်းကို ရုရှရေတပ်သားများ ထပ်မံ မြင်တွေ့စောင့်ကြည့်ခဲ့ရသည်ဟု စာအုပ်၌ ဖော်ပြထားသည်။

ယာဂိုရာ သင်္ဘောပေါ်မှ မြင်တွေ့ခြင်း ဖြစ်ပြီး သင်္ဘောကပ္ပတိန်က မော်စကိုရှိ ဆိုဗီယက်သိပ္ပံအကယ်ဒမီသို့ ချက်ချင်းအကြောင်းကြားခဲ့သည်။ တွေ့မြင်ရသည် အရာသည် စက်ဝိုင်းပြားပုံ ရှိပြီး ပုလဲအရောင်ရှိသည်ဟု သတင်းပို့ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။

ဆိုဗီယက်ရေငုပ်သင်္ဘော အခြေစိုက်စခန်းများတွင် အခြားသော UFOs တွေ့ရှိမှု သတင်းများကြောင့် ဆိုဗီယက်စစ်ဦးစီးချုပ်ရုံးက အလေးအနက် အရေးတယူ လုပ်ခြ့ရသည်များလည်း ရှိသည်။

UFOs များ အမှန်တကယ် ရှိသည်ဟု ကောက်ချက်ချထားသော စိန့်ပီတာစဘတ်ရှိ ရုရှပထဝီအသင်းမှ Anomalous Phenomena Commission ကော်မရှင် သုတေသန ရလဒ်များကိုလည်း စာအုပ်တွင် ဖော်ပြထားသည်။

အနောက်ပိုင်း ယောက်မြို့နေ စာရေးသူ ဖိလစ်က The Sun သို့ ပြောရာတွင် “USO ဖြစ်စဉ်တွေဟာ နောက်ပိုင်းမှာ UFO တွေကို သုတေသနတွေ ပုံမှန်လုပ်ဖို့ ဖြစ်လာလိမ့်မှာပါ။”ဟု ပြောသည်။

“USO တွေကို စိတ်ဝင်စား ချည်းကပ်လာတဲ့ သုတေသနပညာရှင်တွေ ကမ္ဘာတစ်လွှားမှာ များသထက် များလာပြီ။ ရုရှနဲ့ အမေရိကန် ရေငုပ်သင်္ဘောတွေဟာ ကမ္ဘာ့ မတူညီတဲ့ နေရာတွေမှာ USOs တွေနဲ့ ထိပ်တိုက်တွေ့ရတယ်ဆိုတဲ့ အားကောင်းတဲ့ သက်သေတွေလည်း ရှိနေပြီ။”ဟု သူက ပြောပါတယ်။

အဆိုပါ Russia’s USO Secrets: Unidentified Submersible Objects in Russian and International Waters စာအုပ်ကို ဖိလစ်နှင့်အတူ ပေါလ်စတုန်းဟေးတို့က ပူးတွဲရေးသားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly