ဟွာဝေးကို ပိတ်ပင်တာအတွက် တူသော အကျိုး ခံစားရမယ်လို့ ဆွီဒင်ကို တရုတ် သတိပေး 

ဟွာဝေးကို ပိတ်ပင်တာအတွက် တူသော အကျိုး ခံစားရမယ်လို့ ဆွီဒင်ကို တရုတ် သတိပေး 
Photo - AFP

အောက်တိုဘာ ၂၂

ဆွီဒင်နိုင်ငံအနေနဲ့ ၎င်းရဲ့ 5G နက်ဝက်မှာ တရုတ်နည်းပညာကုမ္ပဏီတွေကို ပိတ်ပင်ထားတာကို ပြန်လည်ပယ်ဖျက်ဖို့ တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပြီး တကယ်လို့ ပြောတဲ့အတိုင်း မဆောင်ရွက်ခဲ့ရင် ဆိုးဝါးတဲ့ သက် ရောက်မှုတွေ ကြုံရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ 

ဆွီဒင် ဆက်သွယ်ရေး စည်းကြပ်သူတွေဟာ အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုကြောင့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီတွေအနေနဲ့ လက်ရှိ သုံးစွဲထားတဲ့ ဟွာဝေးနဲ့ ZTE ကုမ္ပဏီတွေက နည်းပညာပစ္စည်းတွေကို ၂၀၂၅ မကုန်ခင် ဖယ်ရှားပစ်ဖို့ အင်္ဂါနေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

တရုတ် ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ မကြာသေးတဲ့ လတွေမှာ ပြည်ပနိုင်ငံသားတွေကို သူလျှိုထောက်လှမ်းရာမှာ တရုတ်က အသုံးချနေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် တားမြစ်ပိတ်ပင်ခံရတာတွေ၊ လုံခြုံရေးအထူးသတိပေးတာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ခုလို သူလျှိုထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းဆန်ပြီး ဒေါသတကြီး ပြန်လည်တုံ့ပြန်ထားတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးစိုးရိမ်ပူပန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အောင်မြင်နေတဲ့ တရုတ်နည်းပညာကုမ္ပဏီတွေကို ထိုးနှက်လာတာပဲ ဖြစ်တယ်လို့ တရုတ်က တုံ့ပြန်ထားပါတယ်။ 

ဆွီဒင်ရဲ့ အခု ဆုံးဖြတ်လုပ်ဆောင်ချက်ဟာ တော်တော်လေး မကျေနပ်စရာ ကောင်းတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီး ဆွီဒင်အစိုးရဟာ တရုတ်နည်းပညာကုမ္ပဏီတွေကို ပြောင်ပြောင်တင်းတင်း ဖိနှိပ်လာတာ ဖြစ်ပြီး ပုံမှန်စီးပွားရေးမှာ နိုင်ငံရေး ရောစွက်လာတာပဲ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ 

တရုတ်-ဆွီဒင် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ တရုတ်နိုင်ငံက ဆွီဒင်ကုမ္ပဏီတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေအပေါ်မှာ ဆိုးဝါးတဲ့ သက်ရောက်မှု ဖြစ်လာမှာကို ရှောင်ရှားဖို့အတွက် ဒီ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ဆွီဒင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျို့လီကျန့်က ပြောဆို တိုက်တွန်းပါတယ်။ 

အခု ဆုံးဖြတ်ချက်ဟာ တရုတ်ကို ပစ်မှတ်ထားတာမဟုတ်ဘူးလို့ ဆွီဒင်ဝန်ကြီးချုပ် စတေဖန် လိုဗီယန်က ပြောပါတယ်။ 

“ခုလို ဥပဒေပြု ဆုံးဖြတ်တာဟာ ဆွီဒင်မှာ လုံခြုံရေး အာမခံချက် ရှိဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်နိုင်ငံကိုမှ တိုက်ရိုက်ပစ်မှတ်ထားတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။”လို့ ဝန်ကြီးချုပ်က ဆွီဒင်သတင်းဌာနက TT ကို ပြောခဲ့ပါတယ်။ 

“ဆက်သွယ်ရေး စည်းကြပ်သူတွေဟာ ဖြစ်နိုင်သလား မဖြစ်နိုင်သလားဆိုတာကို အကဲဖြတ်တွက်ချက်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်။ ဒီအတွက် သူတို့ရဲ့ အကဲဖြတ်ချက်အပေါ် ကျွန်တော်တို့ သိသိသာသာ ယုံကြည်မှု ရှိပါတယ်။”လို့ သူက ပြောပါတယ်။ 

အမေရိကန်ဟာ သူ့ မဟာမိတ်နိုင်ငံတွေကို ၎င်းတို့ရဲ့ အင်တာနက်အခြေခံအဆောက်အအုံမှာ ဟွာဝေးကို ဖယ်ထုတ်ဖို့ ဖိအားတွေ ပေးနေချိန်မှာ ခုလို ဆွီဒင်က လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ 

ဗြိတိန်နိုင်ငံဟာ ၎င်းရဲ့ 5G ကွန်ရက်မှာ ဟွာဝေးပစ္စည်းတွေ အသုံးပြုတာကို ဇူလိုင်လအတွင်းမှာ တားမြစ်ချက် ထုတ်ခဲ့သလို ပြင်သစ်နိုင်ငံကလည်း ဟွာဝေး ပစ္စည်းတွေ အသုံးပြုတာကို ပြင်းပြင်းထန်ထန် ကန့်သတ််ချက်တွေ ချမှတ်ခဲ့ပါတယ်။ 

အခု ဆွီဒင်နိုင်ငံရဲ့ တားမြစ်ချက်ကြောင့် တရုတ်ရဲ့ ဆက်သွယ်ရေးအော်ပရေတာကြီး သုံးခုနဲ့ 5G ကန်ထရိုက်တွေ ချုပ်ဆိုထားတဲ့ ဆွီဒင် ဆက်သွယ်ရေးဝန်ဆောင်မှု Ericsson ကုမ္ပဏီအပေ် တရုတ်က လက်တုံ့ပြန်လာမှာအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly