ဆန္ဒပြပွဲတွေက ထိုင်းတစ်နိုင်ငံလုံးကို လှုပ်ခတ်နေချိန် အရေးပေါ်အမိန့်ကို ရုပ်သိမ်းဖြစ်နိုင်ဟု ဝန်ကြီးချုပ် ပြော

ဆန္ဒပြပွဲတွေက ထိုင်းတစ်နိုင်ငံလုံးကို လှုပ်ခတ်နေချိန် အရေးပေါ်အမိန့်ကို ရုပ်သိမ်းဖြစ်နိုင်ဟု ဝန်ကြီးချုပ် ပြော

အောက်တိုဘာ ၂၂ ၊ ၂၀၂၀

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆိုကြတဲ့ ကြီးထွားလာနေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တဲ့ အရေးပေါ်အမိန့်ကို ပြန်လည်ရုပ်သိမ်းကောင်း ရုပ်သိမ်းဖြစ်လိမ့်မယ်လို့ ဘေးကျပ်နံကျပ် ကြုံနေရတဲ့ ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလာပါတယ်။

နိုင်ငံတစ်ဝန်းမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြတာတွေနဲ့ ပြိုင်ဖက် ဘုရင်စနစ်ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပြီး နောက်တစ်ရက်မှာပဲ အမျက်ထွက်နေကြတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများ စွာဟာ အရေးပေါ်အမိန့်ကို ဖီဆန်ပြီး အစိုးရအိမ်တော်ရာဆီ ချီတက်ဆန္ဒပြကြပါတယ်။ အဲဒီ အရေးပေါ်အမိန့်ဟာ လူ လေးဦးထက်ပို စုရုံးတာကို တားမြစ်တဲ့ အမိန့်ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပြဋ္ဌာန်းခဲ့တာပါ။

သူ့ကို နုတ်ထွက်ရေး ဆန္ဒပြသူတွေက တောင်းဆိုနေကြတာကြောင့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နိုင်ငံကို မိန့်ခွန်းပြောပြီး သူ့အနေနဲ့ လက်ရှိ အခြေအနေ ပြေပြေလည်လည် ဖြစ်ဖို့အတွက် ဦးဆုံး လုပ်ဆောင်မယ်လို့ ပြောပါတယ်။

“ဘန်ကောက်မှာ တင်းကျပ်တဲ့ အရေးပေါ်အခြေအနေ အမိန့်ကို ရုပ်သိမ်းဖို့အတွက် ကျွန်တော် အခု ပြင်ဆင်နေပါတယ်။ ဆူပူအကြမ်းဖက်မှုတွေ မရှိတော့ရင် ချက်ချင်းလက်ငင်းပဲ ကျွန်တော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။”လို့ ပရာယွတ်က ပြောပေမယ့် တိကျတဲ့ အချိန်သတ်မှတ်ချက်ကိုတော့ ပြောဆိုတာ မရှိပါ။

“ကျွန်တော်တို့အနေနဲ့ ဝရုန်းသုန်းကား အခြေအနေထဲ အလွယ်တကူ ကျရောက်သွားနိုင်တဲ့ ချောက်ကမ်းပါးအစွန်းကနေ အခုကစလို့ နောက်ပြန်ဆုတ်ကြရမှာ ဖြစ်ပါတယ်။”လို့ သူက ပြောပြီး လွှတ်တော်ကနေတစ်ဆင့် မတူ ကွဲလွဲချက်တွေကို ဖြေရှင်းသွားဖို့အတွက်လည်း ဆန္ဒပြသူတွေကို တိုက်တွန်းပါတယ်။

ဘန်ကောက်က အောင်ပွဲမော်ကွန်းကျောက်တိုင်မှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေက စုရုံးကြချိန် တောင်ပိုင်း နာရာသီဝတ်ပြည်နယ်နဲ့ မြို့တော်ရဲ့ အချို့နေရာတွေမှာ တန်ပြန်ဆန္ဒပြတဲ့ အဖွဲ့တွေက ဘုရင်စနစ်လိုလားသူ ထောင်ပေါင်းများစွာနဲ့အတူ ဆန္ဒပြကြပါတယ်။

သတ်မှတ်စုရပ်ဆီ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၇၀၀၀ နီးပါးဟာ ဝန်ကြီးချုပ်ရုံး အဆောက်အအုံဆီ ချီတက်ကြချိန် ပြိုင်ဖက် အဲဒီ အုပ်စုနှစ်စုကြားမှာ အသေးစား ထိပ်တိုက်တွေ့မှုအချို့ ဖြစ်ခဲ့တယ်လို့ ဘန်ကောက်က အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။

ဝန်ကြီးချုပ်ရုံးရဲ့ တစ်မိုင်ခွဲလောက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲအင်အား ၁၅၀ ခန့် စီတန်းထားပြီး အရံအတားတွေချထားပေမယ့် ဆန္ဒပြသူတွေဟာ မကြာခင်မှာပဲ ဒီ အတားအဆီး အရံအတားတွေကို ကျော်ဖြတ်ပြီး စုရပ်ဆီ  ရောက်ရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေက သူတို့ရဲ့ ကြွေးကြော်သံတွေကို သံပြိုင်အော်ဟစ်နေချိန်မှာပဲ အုပ်စုတစ်စုက ဝန်ကြီးချုပ်ရုံး ဂိတ်ပေါက်တွေကနေ မီတာအတော်ဝေးတဲ့ နေရာမှာ ပါကင်ထိုးထားတဲ့ ကားခေါင်မိုးတွေပေါ်မှာ ‘ဝန်ကြီးချုပ် နုတ်ထွက်ရေး’ ဆိုင်းဘုတ်ကြီးကို လွှင့်ထူပါတယ်။

“ပရာယွတ်က ကျွန်တော်တို့အားလုံး အတူတူ နောက်ကို ဆုတ်သင့်တယ်လို့ ပြောတယ်။ ပရာယွတ် နုတ်ထွက်ချိန်မှ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို ဘောင်ထဲကနေ အရေးယူတာတွေ ရပ်မှ ကျွန်တော်တို့ နောက်ဆုတ်မယ်။”လို့ ဆန္ဒပြသူတစ်ဦးက လူအုပ်ကို ကြေညာစာတမ်း ဖတ်ကြားပါတယ်။

“တကယ်လို့ ပရယွတ် အစိုးရ သုံးရက်အတွင်း မနုတ်ထွက်ဘူးဆိုရင် သူတို့တွေအနေနဲ့ ကျွန်တော်တို့ကို ထပ်တွေ့ရလိမ့်မယ်။”ဆိုပြီး အခြား ဆန္ဒပြသူတစ်ဦးက သတိပေးပါတယ်။ ဆန္ဒပြသူတွေဟာ ‘ပရာယွတ် နုတ်ထွက်’၊ ‘ဘုရင်စနစ် ပြုပြင်ပြောင်းလဲပေး’ ဆိုပြီး ကြွေးကြော်ရင်း လူစုခွဲခဲ့ပါတယ်။

ပရာယွတ်က အခြေအနေတွေကို ပိုပြီး ဆိုးဝါးပြင်းထန်အောက် လုပ်တယ်ဆိုပြီးဆန္ဒပြသူတွေ ပြောထားတဲ့ အရေးပေါ်အမိန့်ကို ဖီဆန်အာခံရင်း ပြီးခဲ့တဲ့ အမတ်ကစလို့ ဘန်ကောက်မှာ ဒီမိုကရေစီဆန္ဒပြသူတွေ နေ့စဉ်စုရုံး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

၂၀၁၄ စစ်အာဏာသိမ်းမှုမှာ ကြိုးကိုင်သူ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ဟာ စစ်တပ်က ရေးဆွဲတဲ့ ဖွဲ့စည်းပုံသစ်အရ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ လက်တစ်လုံးခြားလုပ် အနိုင်ရခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ အရင်က နိုင်ငံတွင်းမှာ မထိရဲ မတို့ရဲတဲ့ အာဏာပြည့်ဝပြီး ကြွယ်ဝချမ်းသာတဲ့ ဘုရင်အသိုင်းအဝန်းကို နိုင်ငံရေးနဲ့ ကင်းကွာနေဖို့လည်း တောင်းဆိုကြပါတယ်။

မိဖုရားရဲ့ တော်ဝင်ယာဉ်တန်းကို ဆန္ဒပြသူအုပ်စုတစ်စုက ဝိုင်းရံမှု ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ အခု အရေးပေါ်အမိန့်ကို ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ Huanger Games  ရုပ်ရှင်ထဲက ဇာတ်ကွက်ကို စိတ်ကူး ပွားယူပြီး တော်လှန်ဖီဆန်တဲ့ သင်္ကေတအဖြစ် မိဖုရားယာဉ်တန်းကို လက်တွေမြှောက်လို့ လက်သုံးချောင်းထောင် အလေးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ဖြန့်ကြက်ပြီး လက်နက်မဲ့ တက်ကြွလှုပ်ရှားသူတွေကို မီးသတ်ပိုက်ခေါင်းက ရေနဲ့ ထိုးပတ်ဖြိုခွင်းတာနဲ့ ဆန္ဒပြသူ ၂၀၊ ၃၀ လောက်ကို ဖမ်းဆီးတာတွေ လုပ် ဆောင်ပြီး အင်အားသုံးလာပါတယ်။

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ Voice TV က ဒီမိုကရေစီဆန္ဒပြလူထုစုရုံးမှုတွေကို သတင်းဖော်ပြခဲ့တာကြောင့် ပိတ်ခိုင်းခဲ့တဲ့ စီရင်ချက်ကို ဘန်ကောက် ရာဇဝတ်ခုံရုံးက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီ သတင်းဝက်ဘ်ဆိုက်ဟာ ကွန်ပျူတာရာဇဝတ်မှု ဥပဒေ ချိုးဖောက်မှုနဲ့ အရပ်ဖက် မငြိမ်သက်မှုတွေ လျှော့ချရေး ရည်ရွယ်ထုတ်ပြန်ထားတဲ့ အရေးပေါ်အမိန့်ဒီဂရီအောက်မှာ စောင့်ကြည့်ခံရတဲ့ မီဒီယာလေးခုအနက်က တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ခုရုံးဟာ စီရင်ချက်ကို ပြန်ရုပ်သိမ်းပြီး အဲဒီ မီဒီယာလေးခုစလုံးကို လွတ်လပ်စွာ သတင်းတင်ဆက်ခွင့် ဆက်လက်ခွင့်ပြုပေးခဲ့ပါတယ်။

“တရားရုံးက ပြောတာကတော့ ဥပဒေကို ချိုးဖောက်ထားတာ အကြောင်းအရာ မရှိတာကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီ ဝက်ဘ်ဆိုက်တစ်ခုလုံးကို မပိတ်ခိုင်းနိုင်ဘူးလို့ ပြောတာပါပဲ။”ဟု Voice TV ရဲ့ ရှေ့နေ ချက်မွန်ထရီက သတင်းထောက်တွေကို ပြောပါတယ်။

“ပြည်သူတွေအတွက် လွတ်လပ်စွာ သတင်းတင်ဆက်မှုကို ကာကွယ်ပေးရမယ်။ မီဒီယာ သတင်းဖော်ပြချက်တွေကို ပိတ်ပစ်လို့ မရဘူး။ သတင်းလွတ်လပ်ခွင့်က အလွန် အရေးကြီးတယ်ဆိုပြီး တရားရုံးက ပြောပါတယ်။”လို့ သူက ပြောပါတယ်။

Voice TV က ဝန်ထမ်းတွေအနေဲ့ သတင်းတာဝန်တွေကို ‘ပြည့်ပြည့်ဝဝ၊ ပညာရှင်ဆန်စွာ၊ မှန်မှန်ကန်ကန်’ ဆက်လက်သတင်းတွေ တင်ဆက်သွားမယ်လို့ အဆိုပါ သတင်းဝက်ဘ်ဆိုက်က ထုတ်ပြန်ပါတယ်။

“ဒီကဝန်ထမ်းတွေ အခက်အခဲနဲ့ အန္တရာယ်လည်း မရှိသေးပါဘူး။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရားရုံးရဲ့ အခု ဆုံးဖြတ်ချက်အတွက် ကျေနပ်ရတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူ အသက် ၂၆ နှစ်ရှိ အမျိုးသမီး နက်က အေအက်ဖ်ပီကို ပြောပါတယ်။

“သတင်းမှန်တွေ ထုတ်လွှင့်တဲ့ တီဗီချန်နယ်တစ်ခု ကျွန်မတို့မှာ ဆက်ရှိနေဦးမှာပေါ့။”ဆိုပြီး သူက ပြောသလို လွတ်လပ်စွာ ဆန္ဒပြသခွင့် ပြန်ရဖို့ကိုလည်း တိုက်တွန်းပြောဆိုပါတယ်။

နိုင်ငံရဲ့ အထွဋ်အထိပ် အာဏာမှာ ရှိနေတဲ့ ဘုရင် မဟာဝါဇီရလောင်ကွန်းက မငြိမ်သက်မှုတွေကို ဖြေရှင်းရေးအတွက် တနင်္လာနေ့မှာ စတင်မယ့် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရေးကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် လက်မှတ်ထိုးပါတယ်။

ဒါပေမယ့် လွတ်တော်အမတ်တွေဟာ အစိုးရက ခန့်အပ်တာဖြစ်ပြီး အများစုက စစ်အရာရှိတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အာဏာကို စွန့်လွှတ်ခဲတယ်ဆိုပြီး နိုင်ငံရေး သုတေသီ သစ်တင်နန်းက ပြောပါတယ်။

“ဒါဟာ ဟန်ပြသက်သက် ဖြစ်ပြီး အချိန်ဆွဲတာပါပဲ။”လို့ သူက အေအေက်ဖ်ပီကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly