တိုက်ပွဲအတွင်းသိမ်းဆည်းရမိတဲ့ အာမေးနီးယားတပ်ဖွဲ့သုံးယာဉ်တွေကို အဇာဘိုင်ဂျန်က ထုတ်ဖော်ပြသ

By AFP
22 October 2020
တိုက်ပွဲအတွင်းသိမ်းဆည်းရမိတဲ့ အာမေးနီးယားတပ်ဖွဲ့သုံးယာဉ်တွေကို အဇာဘိုင်ဂျန်က ထုတ်ဖော်ပြသ
Photo - AFP

အောက်တိုဘာ ၂၂

နာဂေါ်နိုကာရာဘတ်ခ်ပဋိပက္ခတိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိတဲ့ အာမေးနီးယားခွဲထွက်အဖွဲ့ရဲ့ ထရပ်ကားတွေနဲ့ တခြား စစ်ဘက်သုံးယာဉ်တွေကို အဇာဘိုင်ဂျန်က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီယာဉ်တွေကို ရှေ့တန်းမှာသုံးဖို့ ပြင်ဆင်သွားမယ်လို့ အဇာဘိုင်ဂျန်တပ်ဖွဲ့က ပြောပါတယ်။

နာဂေါ်နိုကာရာဘတ်ခ်တိုက်ပွဲတွေ ရပ်တန့်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကြိုးပမ်းနေချိန်မှာပဲ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့နဲ့တွေ့ဆုံဆွေးနွေးဖို့ ဗုဒ္ဓဟူးနေ့က မော်စကို,ကို ရောက်ရှိခဲ့ကြပါတယ်။ 

အာမေးနီးယားနဲ့အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုနဲ့လည်း သီးခြားစီ တွေ့ဆုံသွားမယ်လို့ သက်ဆိုင်ရာဌာနတွေက ပြောပါတယ်။ 

အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး ဂျေဟွန်ဘေရာမော့လည်း ရုရှားနဲ့ဆွေးနွေးတိုင်ပင်ဖို့ မော်စကိုမှာရောက်ရှိနေပြီလို့ အဇာဘိုင်ဂျန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ 

အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဇိုဟာအမ်နက်စကန်နယန်ကလည်း ကာရာဘတ်ခ်ရဲ့အခြေအနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်မှုဆိုင်ရာတွေဆွေးနွေးဖို့ လက်ဗရော့နဲ့တွေ့ဆုံမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ အန်နာနက်ဂ်ဒါယန်က ပြောပါတယ်။

ယခုလအစောပိုင်းက မော်စကိုမှာ ၁၁ နာရီကြာဆွေးနွေးမှုတွေလုပ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်, ချုပ်ဆိုခဲ့ပေမယ့်လည်း အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့စနေက ဒုတိယအကြိမ် သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုဟာလည်း ချက်ချင်းဆိုသလို ပျက်ပြယ်ခဲ့ပါတယ်။ 

ကာရာဘတ်ခ်တိုက်ပွဲကြောင့် အာမေးနီးယား စစ်သား ၇၇၂ ဦးနဲ့ အရပ်သား ၃၆ ယောက်သေဆုံးထားပါတယ်။

အဇာဘိုင်ဂျန်ကတော့ အရပ်သား ၆၃ ဦးသေဆုံးရှိခဲ့ပြီး စစ်ဘက်သေဆုံးမှုကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အဇာဘိုင်ဂျန်တပ်ဖွဲ့တွေက ကာရာဘတ်ခ်အတွင်းက နယ်မြေကို သိမ်းပိုက်ထားပြီလို့ ပြောဆိုခဲ့ပြီး  အာမေးနီးယားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဇာဘိုင်ဂျန်နယ်မြေကိုလည်း ယခုအခါ သိမ်းပိုက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required