ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် လူ ၁၁၁ ဦးထက်မနည်း သေဆုံး 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် လူ ၁၁၁ ဦးထက်မနည်း သေဆုံး 
Photo - AFP

အောက်တိုဘာ ၂၂ 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးနောက် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး အခြား ၂၀ ဦးလောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။ 

ဒါ့အပြင် ယင်းနိုင်ငံအနေနဲ့ ယခု သီတင်းပတ်ကုန်မှာ အခြား မုန်တိုင်းတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရဖို့လည်း ရှိနေပါတယ်။ 

ရေကြီးမှုကြောင့် နေအိမ်ပေါင်း ၁၇၈,၀၀၀ လောက် ရေအောက်မြုပ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာလည်း အကူအညီလိုအပ်နေသူတွေထံ အစားအ သောက်နဲ့ သောက်သုံးရေ ရရှိစေဖို့ အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။ 

နိုင်ငံအလယ်ပိုင်းဒေသမှာ လမ်းတွေ၊ အခြေခံအဆောက်အအုံနဲ့ သီးနှံပင်တွေဟာ ရေကြီးမှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ကြောင်း အကူအညီပေးရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် လူပေါင်း သိန်းနဲ့ချီဟာလည်း လာမယ့် သီတင်းပတ်တွေအတွင်း နေစရာ နေရာထိုင်ခင်းနဲ့ ဝင်ငွေ အထောက်အပံ့တွေ လိုလာလိမ့်မယ်လို့လည်း ယင်းက သတိပေးသွားပါတယ်။ 

ယခု တွေ့ကြုံရတဲ့ ရေကြီးမှုတွေကတော့ ဆယ်စုနှစ်တွေအတွင်း မြင်တွေ့ထားခဲ့ရသမျှ ရေကြီးမှုတွေထဲမှာ အဆိုးရွားဆုံး တစ်ခု ဖြစ်တယ်လို့လည်း ဗီယက်နမ် ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ငုရင် သီရွှမ်သူက ပြောပါတယ်။ 

ခုလို သဘာဝဘေးကြောင့် လူပေါင်း ၁၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း သဘာဝဘေးဒုက္ခဆိုး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ လူပေါင်း နှစ်သိန်းနီးပါးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့လည်း ယင်းက ပြောပါတယ်။ 

သေဆုံးသူတွေထဲမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က ကွမ်ထရီ ပြည်နယ်မှာ ကြီးမားတဲ့ မြေပြိုမှုတစ်ခုအတွင်း ဖုံးလွှမ်းခံလိုက်ရတဲ့ စစ်သား ၂၂ ဦး ပါဝင်နေသလို ရေအားလျှပ်စစ် စက်ရုံတစ်ခုကနေ အလုပ်သမားတွေကို ကယ်ဖို့ ကြိုးစားခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင် ၁၃ ဦးလည်း ပါဝင်နေပါတယ်။ 

တချိန်တည်းမှာလည်းပဲ မြေပြိုမှုတစ်ခုမှာ ပိတ်မိနေခဲ့တဲ့ ပျောက်ဆုံး စက်ရုံအလုပ်သမား ၁၅ ဦးကို ရှာတွေ့ဖို့ ကယ်ဆယ်ရေးအဖွဲ့တစ်ခု လက်ရှိအချိန်အထိ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ 

တစ်ချို့ ဧရိယာတွေမှာ စတင်ပြီး ရေပြန်ကျနေပြီ ဖြစ်ပေမယ့် ဆိုရှယ်မီဒီယာပေါ်က ပုံရိပ်တွေအရ ဒေသတွင်းက ရေမြုပ်နေဆဲဖြစ်တဲ့ ကျေးရွာတစ်ချို့ရဲ့ အခြေအနေနဲ့ ကွမ်ဘင်း ပြည်နယ်မှာ ဆေးရုံတစ်ရုံ ဆိုးဆိုးရွားရွား ရေကြီးမှုဒဏ် ခံနေရမှုကို ပြသလျက် ရှိပါတယ်။ 

တချိန်တည်းမှာလည်းပဲ နောက်ထပ် မုန်တိုင်းတစ်ခုဖြစ်တဲ့ ဆောဒဲလ် မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကနေ ရွေ့လျားလာနေတာနဲ့အတူ ယခုသီတင်းပတ်ကုန်မှာ  ဗီယက်နမ်နိုင်ငံတွင်း ဧရိယာတွေမှာ မိုးပိုကြီးမယ်လို့ ခန့်မှန်းရပါတယ်။ 

ဗီယက်နမ်နိုင်ငံကတော့ ဇွန်လနဲ့ နိုဝင်ဘာအကြား မိုးရာသီကာလအတွင်း ပြင်းထန်တဲ့ ရာသီဥတုနဲ့ မကြာခဏ တွေ့ကြုံရလေ့ ရှိပြီး နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းပြည်နယ်ဒေသတွေကတော့ ထိခိုက်မှု အခံရဆုံး ဧရိယာတွေဖြစ်ပါတယ်။ 

ယမန်နှစ်က ယင်းနိုင်ငံမှာ သဘာဝဘေးဒုက္ခဆိုးတွေအတွင်း လူပေါင်း ၁၃၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံးက ပြောပါတယ်။ 

ဗီယက်နမ်အပြင် ကမ္ဘောဒီးယားနိုင်ငံဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွား ခံထားခဲ့ရပါသေးတယ်။ 

ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ ၃၄ ဦးအထိ မြင့်တက်ခဲ့ကြောင်းနဲ့ လူပေါင်း လေးသိန်းကျော်လောက် ရေဘေးသင့်ခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ဘန်တေး မင်ချေး ပြည် နယ်ဟာ နှစ် ၇၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly