နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် ၂ ရက်ဆက်တိုက် လူသေအလောင်းများတွေ့

By မွေလျန်း
21 October 2020
နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် ၂ ရက်ဆက်တိုက် လူသေအလောင်းများတွေ့
ဓာတ်ပုံ - ချစ်မွေး

နမ္မတူ၊အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် ပုပ်ပွနေသော လူသေ အလောင်း သုံးလောင်းကို အောက်တိုဘာ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ဆက်တိုက်တွေ့ရှိခဲ့ကြပြီး သေဆုံးသူတစ်ဦးမှာ တပ်မတော်သားတစ်ဦးဟု ဒေသခံများပြောပြချက်အရ သိရသည်။

ပန်လုံကျေးရွာ ရပ်ကွက် (၄) တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့တွင် တွေ့ရှိခဲ့ပြီး အဆိုပါကျေးရွာအနီးတွင်ပင်ရှိသော ပြောင်းဖူးခြံတစ်ခုတွင်လည်း အမျိုးသားအလောင်းတစ်ခုကို အင်္ဂါနေ့က တွေ့ရှိခဲ့သည်။

ပန်လုံကျေးရွာမှ ရွာခံတစ်ဦး၏ပြောပြချက်အရ အပုပ်နံ့ရ၍ ပတ်ဝန်းကျင်က ရဲကို အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

" သူတို့ကနှစ်ယောက်တည်းနေတာ၊ အပုပ်နံ့တွေရလို့ ပတ်ဝန်းကျင်က အကြောင်းကြားလို့သိကျတာပါ၊ မနေ့ကတွေ့တဲ့ အလောင်းကတော့ တပ်မတော်က ရဲဘော်လို့ပြောတယ်" ဟု ဆိုသည်။

ရဲတပ်ဖွဲ့၏အကြောင်းကြားမှုကြောင့် အလောင်းကို သွားရောက်သယ်ယူခဲ့သော နမ္မတူမြို့ မေတ္တာရှင်နာရေးကူညီမှုအသင်းမှ ကိုချစ်မွေးက "အလောင်းက ညိုမည်းနေတယ်၊ သေတာကလည်းနှစ်ယောက်ဆိုတော့ သွေးရိုးသား ရိုးတော့မဖြစ်နိုင်ဘူးပေါ့" ဟု ပြောသည်။

" မနေ့ကအလောင်းကတော့ ပန်လုံနားက မန်ဆာမှာတွေ့တာ၊ပုပ်ပွဒဏ်ရာတွေကိုလည်း မတွေ့ရဘူး၊ အခုတော့ နမ္မတူရင်ခွဲရုံမှာ စစ်ဆေးနေပါတယ်" ဟု သူက ဆက်ပြောသည်။

နမ္မတူမြို့နယ်ရဲတပ်ဖွဲ့ကို ဆကိသွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားချက်မရနိုင်သေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly