နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူ COVID-19 ကူးစက်ခံရ

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူ COVID-19 ကူးစက်ခံရ
ဓာတ်ပုံ - Kyaw Thu FaceBook

အောက်တိုဘာ ၂၁ ၊ ၂၀၂၀

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ COVID-19 ကူးစက်ခံထားရကြောင်း ယင်းအသင်း၏ ကြီးကြပ်ရေးမှူးဖြစ်သူ ကိုအောင်လေးက မဇ္စျိမသို့ အတည်ပြုပြောကြားသည်။

နာရေးကူညီမှုအသင်း၏ ပြန်ကြားရေးဌာနမှ စေတနာ့ဝန်ထမ်းတစ်ဦးတွင် ပြီးခဲ့သည့်အပတ်က COVID-19 ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းနှင့်ထိတွေ့ခဲ့သူ ဦးကျော်သူအပါအဝင် ဝန်ထမ်း ၉ဦးကို ဓာတ်ခွဲနာမူနာရယူ စစ်ဆေးခဲ့ရာမှ COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ကြီးကြပ်ရေးမှူး ကိုအောင်လေးက “ဥက္ကဋ္ဌရဲ့ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်မြည်ပါပဲ။ ကျန်တဲ့နှစ်ယောက်ရဲ့ ကျန်းမာရေးကလည်း ဒေါင်ဒေါမြည်မြည်ပါပဲ။ ဘာလက္ခဏာမှ မပြပါဘူး။” ဟု ပြောသည်။

လက်ရှိတွင် ဦးကျော်သူမှာ ၎င်းနေထိုင်ရာ အိမ်နှင့် ကျန်နှစ်ဦးမှာ နာရေးကူညီမှုအသင်းတွင် ရှိနေကြောင်း သိရသည်။

ဦးကျော်သူက “တွေ့ပြီ... P တဲ့။အများအတွက် မျိုးဆက်သစ်တွေကိုဦးဆောင် ပေးဆပ်ရင်းဖြင့်ကျဆုံးခဲ့ရမှုကို ကျေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။"ငါမရှိရင် ငါ့ထက် ရဲရဲကြီး ပေးဆပ်ရဲသူ ရောက်လာလိမ့် မယ်" "ငါမရှိရင် ငါ့ထက်သီလလုံခြုံ သစ္စာဆိုရဲသူ ရောက်လာလိမ့်မယ်"" ငါမရှိရင် ငါတို့ချမှတ်ခဲ့တဲ့ ပရဟိတအုတ်မြစ် အဆောက်အဦးက ဒီထက်ပိုပြီး ခိုင်မာ၊မြင့်မား၊တိုးတက် လာလိမ့် မယ်"အားလုံးကို ကြိုတင်ပြင်ဆင် ထားမှုက ခေါင်းဆောင်တွေ ရဲ့ အလုပ်။အေး....မင်းတို့ဖက်က ညီညွတ်ကြ ဖို့ပဲလိုတယ်။” ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဦးကျော်သူနှင့် ပိုးတွေ့သူ နှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ကုသရေးစင်တာတစ်ခုခုသို့ ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required