နှင်းဆီပါတီဝင် သောင်းနှင့်ချီ ပြည်ခိုင်ဖြိုးပါတီသို့ ထပ်မံ ဝင်ရောက်ဖွယ်ရှိဟု ဆို

နှင်းဆီပါတီဝင် သောင်းနှင့်ချီ ပြည်ခိုင်ဖြိုးပါတီသို့ ထပ်မံ ဝင်ရောက်ဖွယ်ရှိဟု ဆို

အောက်တိုဘာ ၂၁၊ ၂၀၂၀

ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ၏ ပါတီဝင် သောင်းနှင့်ချီပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ထပ်မံ ပြောင်းလဲ ဝင်ရောက်ရန် ရှိနေသည်ဟု အဆိုပါ ပါတီနှစ်ခုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပြောသည်။  

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နှင်းဆီပါတီ ကိုယ်စားလှယ်လောင်း အတော်များများနှင့် ပါတီဝင် သုံးသောင်းကျော်သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

ပြည်ခိုင်ဖြိုးပါတီသည် တိုင်းပြည်အကျိုး လုပ်ဆောင်နိုင်စွမ်းရှိသော အင်အားကြီးပါတီ တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့ ဝင်ရောက်ရခြင်းဖြစ်ပြီး အခြားမြို့များမှ နှင်းဆီပါတီဝင် သောင်းနှင့်ချီပြီး ထပ်မံဝင်ရောက်ရန် ရှိနေသည်ဟုလည်း မြဝတီမြို့မှ နှင်းဆီပါတီ ကိုယ်စားလှယ်လောင်း ဦးစိုးရက ပြောသည်။  

“ကရင်ပါတီထဲကို ဝင်တာက လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်နဲ့ အင်အား ၂၀ လောက်တော့ သိရတယ်။ ကျန်တာတွေကတော့ USDP ထဲပဲခင်ဗျ။ ကွမ်လုံတစ်ခုတည်းကိုက ခန့်မှန်းအင်အား ၄ သောင်းလောက် ရှိတယ်။ လေးသောင်းနဲ့အတူ အရှေ့မြောက်ခွင်တစ်ခုလုံး USDP ပြည်ခိုင်ဖြိုးထဲကို ဝင်တော့မယ်လို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာတော့ တစ်နိုင်ငံလုံး တဖြည်းဖြည်းဝင်မယ်ဆို အင်အား သန်းချီသွားမှာပဲလေ” ဟု ဦးစိုးရက မဇ္ဈိမသို့ ပြောသည်။  

နှင်းဆီပါတီဌာနချုပ်ကမူ ပါတီဝင်များကို အခြားပါတီသို့ ဝင်ရောက်ရန် မညွှန်ကြားထားသလို ယခုကဲ့သို့ ပါတီများ ရွှေ့ပြောင်းဝင်ရောက်သည့် ကိစ္စနှင့်ပတ်သက်၍ တိတိကျကျ မသိရသေးကြောင်း ဆိုသည်။  သို့သော်လည်း တခြားပါတီများကို ဝေဖန်တိုက်ခိုက်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မပြုလုပ်ရန်နှင့် ရှိပြီးသားအင်အားကို ပြည်သူလူထုအတွက် အကျိုးရှိရှိ အသုံးချရန် ညွှန်ကြားထားသည်ဟု နှင်းဆီပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးသိုက်ထွဏ်းက ပြောသည်။  

“ဘယ်ပါတီနဲ့ ပေါင်းရမယ်၊ ဘယ်ပါတီနဲ့ မပေါင်းရဘူးဆိုပြီးတော့ မညွှန်ကြားဘူး။ ပါတီတစ်ခုကို အင်အားဝင်ဖြည့်တယ်ပေါ့၊ ပြောရမယ်ဆိုရင်။ အဲဒီလိုမျိုးလုပ်ရင် တစ်ဖက်ပါတီက ဘယ်လို မြင်လာမလဲဆိုတော့ သူတို့ နဂိုတည်းက ဖန်တီးထားတာ။ တို့ကို ဒီပါတီနဲ့ ပေါင်းပြီး နှောက်ယှက်တော့မယ်ဆိုတဲ့ အမြင်မျိုးကို မြင်သွားရင် မကောင်းဘူးလေ” ဟု ၎င်းက ဆိုသည်။  

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပါတီဝင်အသစ် မည်မျှ ထပ်မံ ဝင်ရောက်လာသည်ကို မသိရှိသေးကြောင်း ပြောသည်။  

“အဓိကတော့ အမျိုးသားကောင်းကျိုးစီးပွားကို ရည်ရွယ်ပြီး အဲဒီလို ရည်ရွယ်ချက်တူတဲ့သူတွေ ဝန်းရံကြမယ်၊ ဝင်လာကြမယ်ဆို ကျွန်တော်တို့က ကြိုဆိုပါတယ်” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။  

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အင်အား တစ်သောင်းကျော်ခန့်ရှိသည့် နှင်းဆီပါတီဝင်များလည်း ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသွားမည်ဟု နှင်းဆီပါတီ၏ ဘုတ်ပြင်းမြို့နယ် စည်းရုံးရေးမှူး ဦးတင်ကျော်ခိုင်က မဇ္ဈိမသို့ ပြောထားသည်။

အဓိက အတိုက်အခံပါတီကြီး တစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီသို့ နှင်းဆီပါတီဝင်ဟောင်းများ အင်နှင့်အားနှင့် ဝင်ရောက်နေမှုနှင့်ပတ်သက်၍ အာဏာရ NLD ပါတီမှ မစိုးရိမ်ကြောင်း ပြောသည်။  

“အတော်အသင့် ဝင်ရောက်တာ ရှိချင်လည်းရှိမယ်ပေါ့လေ၊ တကယ်တမ်းကျတော့ သူတို့ရဲ့ ပင်မအင်အားက ဒီလောက်ကြီး မရှိပါဘူး။ အဲဒါကြောင့် ဒီဟာပေါ်မှာ စိတ်မပူဘူးလို့ပဲ ပြောချင်ပါတယ်” ဟု NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။  

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီဝင်အင်အား ခြောက်သန်းနီးပါး ရှိသည်ဆိုသော နှင်းဆီပါတီသည် ကိုယ်စားလှယ်လောင်းပေါင်း ၁,၁၃၀ ခန့်ရှိပြီး အာဏာရပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံး ဝင်ပြိုင်ရန် ကြိုးစားခဲ့ သည့် ပါတီလည်း ဖြစ်သည်။  

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ထောင်ပြေးမှုနှင့် ငွေကြေးအရှုပ်အရှင်းများကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံရပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နှင်းဆီပါတီကို ဖျက်သိမ်း ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly