ရွေးကောက်ပွဲလွန် ရခိုင်လွှတ်တော်သစ်နဲ့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ (ဆန်းစစ်သုံးသပ်ချက်)

ရွေးကောက်ပွဲလွန် ရခိုင်လွှတ်တော်သစ်နဲ့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ (ဆန်းစစ်သုံးသပ်ချက်)

အောက်တိုဘာ ၂၁ရက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ကိုးမြို့နယ်နှင့် တခြားမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုတို့တွင် ရွေးကောက်ပွဲမကျင်းပဖြစ်တော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

မဲဆန္ဒနယ်များ ပယ်ဖျက်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကမူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာ နတို့ထံသို့ သဘောထားမှတ်ချက် နှစ်ကြိမ်တိုင်တိုင် တောင်းခံပြီးမှသာလျှင် သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

၎င်းရွေးကောက်ပွဲမကျင်းပဖြစ်တော့သည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး အမ်းမြို့နယ်မှ မဲဆန္ဒနယ်တစ်နေရာနှင့် တောင် ကုတ်မြို့နယ်မှ မဲဆန္ဒနယ်တစ်နေရာတို့သည် ပြည်နယ်တစ်ခုလုံး မဲပေးခွင့်ရှိသူ၏ လေးပုံသုံးပုံဝန်းကျင်မဲဆန္ဒရှင်များရှိနေသည့် မြို့များဖြစ်သည်။

လွှတ်တော်သစ်က ဘယ်လိုဖြစ်လာမှာလဲ

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်နေရာ ၃၄ နေရာ၊ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး တစ်နေရာနှင့် အလိုအလျောက်နေရာ သုံးပုံတစ်ပုံရသည့် တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးအပါအဝင် စုစုပေါင်း ၄၇ နေရာ ရှိသည်။

ရွေးကောက်ပွဲနယ်မြေဖျက်သိမ်းခြင်းကြောင့် ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ၂၀ နေရာ ပလပ်သွားမှာဖြစ်သည်။

ဒါပေမယ့်လည်း တပ်မတော်သားကိုယ်စားလှယ်အရေအတွက်ကတော့ ပုံမှန်သတ်မှတ်ထားတဲ့အတိုင်းသာဖြစ်မယ်လို့ လွှတ်တော်လေ့လာရေးအဖွဲ့ အာနန္ဒာဒေတာ တည်ထောင်သူ ဦးထင်ကျော်အေးက ပြောပါတယ်။

“တပ်မတော်သားတွေရဲ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်က ရွေးကောက်ပွဲရဲ့ရလာဒ်နဲ့ သက်ရောက်မှုမရှိဘူး။ သက်ရောက်မှု ရှိရမယ်လို့ ပြဌာန်းထားတာမျိုး မရှိဘူးပေါ့နော်။ လက်ရှိကျင့်သုံးတဲ့ ပုံစံကတော့ ရွေးကောက် ခံရှိရမယ့် ကိုယ်စားလှယ်စုစုပေါင်း အရေအတွက်ရဲ့ သုံးပုံတစ်ပုံလို့ ကျင့်သုံးနေတာပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကတော့ လျော့သွားဖို့မရှိဘူး။” ဟု သူက ပြောသည်။

ထို့ကြောင့် ၂၀၂၀ရွေးကောက်ပွဲလွန် ရခိုင်ပြည်နယ်လွှတ်တော်သစ်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အမည်စာရင်းတင် သွင်းမည့် တပ်မတော်သားလွှတ်ကိုယ် စားလှယ် သုံးပုံတစ်ပုံခန့်ဖြစ်သော ကိုယ်စား လှယ် ၁၂ဦးသည် လွှတ်တော်အတွင်း ရှိနေမည် ဖြစ်သည်။ တိုင်းရင်းသားရေးရာဝန်ကြီးမှာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခွင့်တွင် ပါဝင်ခွင့် မရှိပါ။

တင်ကျန်ရစ်မည့် ကိုယ်စားလှယ်နေရာ ၁၄ ခု၏ မဲဆန္ဒနယ်များတွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲရလာဒ်မှာ NLD က ရှစ်နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့ကာ ANP က လေးနေရာဖြင့် ဒုတိယ၊ ပြည်ခိုင်ဖြိုးက နှစ်နေရာ ရခဲ့သည်။

 ANP ကို ရခိုင်လူထုအတွင်း လူကြိုက်များမှုမှာ ၂၀၁၅ ကထက် အတော်ပင် မြင့်တက်လာခဲ့သော်လည်း ရခိုင်တောင်ပိုင်းမဲဆန္ဒနယ်များဖြစ်သည့် ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်၊ ဂွ တို့တွင် အထူးသဖြင့် သံတွဲ၊ မာန်အောင်နှင့် ဂွတို့တွင် NLD အားကောင်းနေဆဲဖြစ်သည်ကို လေ့လာသူများက တညီတညွတ်တည်းပြောကြသည်။

ထို့ကြောင့် လွှတ်တော်သစ်တွင် တပ်မတော်သားအစုအဖွဲ့က အားအကောင်းဆုံးဖြစ်လာဖွယ်ရှိကာ NLD နှင့် ANP က တန်းတူအရေတွက်သော်လည်းကောင်း၊ ဒုတိယနှင့် တတိယအင်အားစုအဖြစ်သော်လည်းကောင်း ဖြစ်လာ ပါလိမ့်မည်။ လွှတ်တော်ဥက္ကဌမှာ တပ်မတော်ကလိုလားသောသူ သို့မဟုတ် ထောက်ခံပေးသူသာဖြစ်လာနိုင်ဖွယ်ရှိသည်။

အကျိုးသက်ရောက်မှု

လွှတ်တော်တွင်း အဆိုတင်သွင်းမှုများနှင့် အဆိုအောင်မြင်မှုများအပေါ် သက်ရောက်မှုကြီးသွားမှာဖြစ်ပြီး ၂၀၁၅-၂၀၂၀ ရခိုင်လွှတ်တော်နှင့် ကွဲထွက်လာလိမ့်မှာဖြစ်သည်။

လက်ရှိ လွှတ်တော်ဥက္ကဌမှာ  ANP ပါတီမှ ဖြစ်သည်။ လွှတ်တော်ဥက္ကဌ ဦးစံလှကျော်မှာ တပ်မတော်နှင့်တိုက်ပွဲများဆင်နွှဲနေသော ရခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမတော်စပ်သူဖြစ်သည်။

ရခိုင်အမျိုးသားပါတီဝင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ANP (ရခိုင်အမျိုးသားပါတီ) က လွှတ်တော်ကို မထိန်းချုပ်ထားနိုင်အောင်လို့ လုပ်တဲ့သဘောပဲ။ လုံခြုံရေးအကြောင်း ပြတယ်ဆိုတာက အကြောင်း ပြချက်ကိုတော့ အစိုးရက ပေးတာပေါ့။” ဟု ဆိုသည်။

“ပါတီတွေကတော့ ပြောအားဆိုအား နည်းသွားတာပေါ့။ ပြီးတော့ မြောက်ပိုင်းတစ်ခုလုံးမှာ မြို့နယ်တွေကို ကိုယ်စားပြုမယ့်သူ မရှိတော့ဘူးပေါ့။ လွှတ်တော်က ကိုယ့်မြို့နယ်နဲ့ကို ထိန်းနေရတဲ့အထဲမှာ တခြားမြို့နယ်ကို ကိုယ့်မြို့နယ်ထဲက တာဝန်ယူမယ်ဆိုတာ လုပ်လို့မရဘူးလေ။ အဲလိုအားနည်းချက် ရှိသွားမယ်။ ပြီးတော့ပါတီ ထဲမှာ အပြတ်အသတ်နိုင်တဲ့ ပါတီတစ်ခုမရှိရင် တချို့ဟာတွေမှာလဲ မပြတ်သတ်တာတွေ ရှိလာမှာပေါ့။ အထူးသဖြင့်တပ်အင်အားက သုံးပုံတစ်ပုံရနေတဲ့အခါ ဒီဖက်ကအားနည်းနေတော့ တပ်ရဲ့အခန်းကဏ္ဍကလဲ အရေးပါလာတာပေါ့။” ဟု သူက ဆက်ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်သည့်အတွက် ပြည်ထောင်စုအဆင့်တွင် NLD နိုင်ခဲ့လျှင် ပြည်နယ်အစိုးရမှာ လွှတ်တော်အတွင်း လူနည်းစုကိုသာ ကိုယ်စားပြုနေသည်။

ယန္တရားအရ အစိုးရကို ထိန်းကျောင်းမည့် လွှတ်တော်တွင်း တပ်မတော်၏အခန်းကဏ္ဍသည် အရေးပါလာနိုင်သည်။

လာမည့် လွှတ်တော်သစ်ရှိ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများသည် ပြည်နယ်တစ်ခုလုံးကို ကိုယ်စားမပြုလျှင် ရွေးကောက်ပွဲမလုပ်ခဲ့သော မြို့နယ်များကို မည်သို့စီမံခန့်ခွဲမည်၊ ဘတ်ဂျတ်မည်သို့ ခွဲဝေမည်ကို တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) နေရာမှ ဝင်ရောက်ယှဉ်ပြိုင် မည့် ဒေါက်တာတင်မာအောင်က မေးခွန်းထုတ်သည်။

“တစ်ခုပဲ ကျွန်မစိုးရိမ်တဲ့ဟာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၄ ယောက်မှာ ၁၄ ယောက်ပဲ ပါတယ်။ ဒါဟာပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်မလားဆိုတာကိုပဲ။ ဒါအရေးကြီးဆုံး မေးခွန်းပါပဲ။” ဟု ဒေါက်တာတင်မာအောင်က ပြောသည်။

ဖျက်သိမ်းလိုက်သော မဲဆန္ဒနယ်များအတွက် ကိုယ်စားပြုသော ဒေသ၏ ဖွံ့ဖြိုးရေးကိစ္စများ မဆွေးနွေးနိုင်ခြင်းဖြစ်လိမ့်မည်ဟု လက်ရှိရသေ့တောင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ကျွန်မတို့မြို့နယ်တော်တော်များများက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတယ်။ နေရာတော်တော်များများမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ လွှတ်တော်ကတဆင့် တောင်းရတာတွေ ရှိတယ်။ လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ယောက် မေးခွန်းမေးလိုက်ခြင်းအားဖြင့် ကိုယ့်ဒေသအတွက် ဦးစားပေးခြင်းကိုလည်း ခံရတယ်။ အဲဒါကြောင့် ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ရင်တော်တော်လေး အားလျော့မယ်။ နောက်တစ်ခါ ပြည်သူတွေရဲ့ အသံကလည်း တော်တော်အားလျော့သွားမှာဖြစ်ပါတယ်။” ဟု သူမက  ပြောသည်။

နိုင်ငံရေးပါတီသုံးသပ်သူ ဦးမောင်မောင်စိုးကမူ " ပါတီနိုင်ငံရေးကတော့ ဒီအခြေအနေ မပြောင်းဘူးဆိုလို့ ရှိရင်တော့ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်က ပိုကျယ်လာမယ်ထင်ပါတယ်။ ရခိုင်က အခုလဲ တိုက်ပွဲတွေက ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly