တရုတ်၌ လော့ခ်ဒေါင်းကာလအတွင်း လူငယ်နှင့်သက်လတ်ပိုင်းအမျိုးသမီးများကြောင့် လိင်ကိရိယာ ဝယ်လိုအား ထိုးတက်ခဲ့

တရုတ်၌ လော့ခ်ဒေါင်းကာလအတွင်း လူငယ်နှင့်သက်လတ်ပိုင်းအမျိုးသမီးများကြောင့် လိင်ကိရိယာ ဝယ်လိုအား ထိုးတက်ခဲ့

အောက်တိုဘာ ၂၁

တရုတ်နိုင်ငံ ပေကျင်းမြို့၌ COVID-19 ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းချမှတ်ခဲ့ရစဉ်ကာလအတွင်း အဖော်နှင့် ချိန်းဆိုမှု မလုပ်နိုင်ဘဲ တစ်ကိုယ်ရေ တစ်ကာယ ပိတ်မိနေခဲ့သူတစ်ဦးဖြစ်သည့် အေမီ အနေဖြင့် အခြေအနေအရ အပျော်အပါးလိုက်စားမှုမှ မဖြစ်မနေ ရှောင်ရချိန် ဖြေရှင်းချက် နည်းလမ်းတစ်ခု ရှာသင့်ကြောင်း အွန်လိုင်း စကားပြောဝိုင်း (chat room) ရှိ အခြားအမျိုးသမီးများက တိုက်တွန်းခဲ့သည်။ သူမကို တိုက်တွန်းခဲ့သည့် ဖြေရှင်း ချက် နည်းလမ်းဆိုသည်မှာ တခြားမဟုတ် ၊ sex toy ဟု ခေါ်သည့် လိင်ကိရိယာတစ်ခုပင် ဖြစ်သည်။ “ဒီမတိုင်ခင်တုန်းကတော့ ကျွန်မ ဒါတွေကို သုံးဖို့ ကြောက်သလိုမျိုး ရှက်သလိုမျိုး နည်းနည်းတော့ ခံစားခဲ့ရတယ်၊ အဲဒီနောက်မှာတော့ ကျွန်မ ကမ္ဘာသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်လေ” ဟု သူမ၏ အမည်ရင်းကို ထုတ်ဖော်ရန် ဆန္ဒမရှိခဲ့သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

အေမီသည် ယခုအခါ သူမအတွက် လိင်ကိရိယာ စုဆောင်းမှုကို ချဲ့ထွင်ရန် စီစဉ်လျက် ရှိသည်။ လိင် ကိရိယာများအတွက် ဝယ်လိုအားသည် တရုတ်တွင် မြင့်တက်လျက် ရှိပြီး ယင်းနိုင်ငံသည် ယခုအခါ အိပ်ခန်းသုံး အကူပစ္စည်းများနှင့်ပတ်သက်၍ ကမ္ဘာ့အကြီးဆုံး တင်ပို့သူနိုင်ငံ ဖြစ်နေပြီဖြစ်သည်။

ယင်းသည် တစိတ်တဒေသအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် သက်ဆိုင်နေသည်။ အဆိုပါ ကပ်ရောဂါဖြစ်၍ လော့ခ်ဒေါင်းများ ချမှတ်ရခြင်းကြောင့် လူတို့ကို ၎င်းတို့၏ အဖော် (partner) များနှင့် အချိန်ကြာမြင့်စွာ သီးခြားခွဲနေစေခဲ့ရသလို အများဆိုင်ရာ ဖျော်ဖြေရေး နေရာများကိုလည်း ကာလရှည် ပိတ်သိမ်းမှုကို ဖြစ်စေခဲ့သည်။

သို့ရာတွင် ယင်းသည် ပိုမိုအသက်ငယ်ရွယ်ပြီး ပိုမို ပွင့်လင်းသော မျိုးဆက်လူဦးရေတစ်ခုကြောင့် လိင်ပိုင်းဆိုင်ရာအပေါ်ထားသည့် သဘောထားပိုင်းတွင် ပိုမို ကျယ်ပြန့်သော ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲတစ်ခု၏ ထုတ်ကုန်တစ်ခုလည်း ဖြစ်နေသည်။

“လိင်ပိုင်းဆိုင်ရာမှာ နိုးကြားတက်ကြွမှု ရှိတဲ့ အမျိုးသမီးတော်တော်များများကတော့ ဒီ လိင်ကိရိယာတွေ အသုံးပြုတာနဲ့ပတ်သက်လို့ အတော့်ကို ပွင့်လင်းတဲ့ သဘောထားတစ်ခု ရှိပါတယ်၊ သူတို့က ဒါကို တကယ့် သဘာဝ အလျောက်နဲ့ ပုံမှန် ကိစ္စတစ်ခုအနေနဲ့ ရှုမြင်ပါတယ်” ဟု လူသိများသည့် လိင်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အကြံပေး ဘလော့ဂ်ဂါတစ်ဦးဖြစ်သည့် ယီ ဟုန်က ပြောသည်။

Twiter ကဲ့သို့မျိုးဖြစ်သော Weibo ပလက်ဖောင်းတွင် follower ပေါင်း ခုနစ်သိန်းကျော် ရှိပြီး အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးမှု အုပ်စုအဖွဲ့များကို လည်ပတ်လုပ်ကိုင်နေသည့် ယီက တရုတ်အမျိုးသမီးများ သည် ဈေးကွက်ကို မောင်းနှင်ပေးနေသည်ဟု ယုံကြည်နေသည်။

တရုတ်သည် လိင်ပိုင်းဆိုင်ရာအပေါ် ရှေးရိုးဆန်သော အများပြည်သူ သဘောထားနှင့် အများအားဖြင့် ပိုမိုဆက်နွယ်ပတ်သက်နေပြီး အပြာ (ရုပ်ရှင်၊စာအုပ်) ထုတ်လုပ်ဖြန့်ချိမှုကို တားမြစ်ထားသလို အာဏာပိုင်များသည်လည်း “ရိုင်းပျပြီး ဟီရိသြတ္တပ္ပ ကင်းမဲ့သော” အွန်လိုင်း အကြောင်းအရာများအပေါ် အခါအားလျော်စွာ နှိမ်နင်းဖြိုခွင်းမှုများ လုပ်ဆောင်ထားသည်။ သမ္မတ ရှီကျင့်ဖျင်သည်လည်း “သန့်ရှင်းပြီး တရားလမ်းကျသည့်” ဆိုက်ဘာရပ်ဝန်း တစ်ခုအတွက် တွန်းအားပေးလုပ်ဆောင်ထားသလို တရုတ်အစိုးရသည် ကျဆင်းနေသည့် ကလေးမွေးဖွားမှုနှုန်းကို ပြန်လည် ရှင်သန်တက်ကြွစေမည့် နည်းလမ်းတစ်ခုအဖြစ် လက်ထပ်ခြင်းနှင့် ထုံးတမ်းအစဉ်အအလာ မိသားစု တန်ဖိုးများကို အားပေးမြှင့်တင်ရန် ကြိုးပမ်းထားခဲ့သည်။

သို့ရာတွင် ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း တရုတ်၏ လင်မယား ကွာရှင်းပြတ်စဲမှုနှုန်းသည် ၃ ဒသမ ၁ သန်းကျော်အထိ စံချိန်တင် မြင့်တက်ထားခဲ့ရာ ယင်းက  လူ့အဖွဲ့အစည်းဆိုင်ရာ တန်ဖိုးများတွင် အပြောင်းအလဲ ဖြစ်သည့် လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အိပ်ခန်းထဲ၌ ၎င်းတို့ မည်သည်ကို အလိုရှိသည် ဆိုသည်နှင့်ပတ်သက်၍ လုပ်ပိုင်နိုင်ခွင့် စွမ်းအား ပိုမို မြင့်တက်လာနေခြင်းနှင့်အတူ အသက် ၃၀ နှင့် ယင်းအောက် ပိုငယ်သည့် အသက်အပိုင်းအခြား ရှိ အမျိုးသမီးများသည် လိင် ကိရိယာများကို အသုံးပြုခြင်း စိတ်ကူးအိုင်ဒီယာနှင့် ပိုမို၍ နေသားတကျ သက်တောင့်သက်သာ ရှိလာနေသည်။

“တခါတရံမှာ သူတို့တွေဟာ သူတို့ တကယ်တမ်းလိုချင်တဲ့ ကိုယ်လက်နှီးနှောမှု စိတ်အလှုပ်ရှားဆုံး ကာလနဲ့ ကျေနပ်အားရမှုကို ရှာမတွေ့ကြပါဘူး၊ ဖြစ်ကောင်းဖြစ်နိုင်တာကလည်း အိပ်ယာထဲမှာ အမျိုးသားတွေရဲ့ စွမ်းဆောင် ရည်ဟာ လုံလုံလောက်လောက် မကောင်းလို့လည်း ဖြစ်နိုင်ပါတယ်၊ အဲဒီနောက်မှာတော့ အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့ အလိုဆန္ဒပြည့်စေမယ့် နည်းလမ်းတစ်ခု ရှာဖို့ ပိုပြီး စိတ်ပါလာတာဖြစ်ပါတယ်” ဟု ယီက ပြော သည်။

တရုတ်၏ ပြည်တွင်း လိင်ကိရိယာ ရောင်းအားသည် အနောက်အုပ်စု နိုင်ငံများနှင့် ဂျပန်တို့၏ နောက်တွင် ကျန်နေဆဲဖြစ်သည်။ သို့သော် လူငယ်နှင့် သက်လတ်ပိုင်းအရွယ် ဝယ်ယူသုံးစွဲသူ အမျိုးသမီးဖောက်သည်များ၏ အဓိက တွန်းအားပေးမောင်းနှင်မှုကြောင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးစ လိင်ကိရိယာ ဈေးကွက် တန်ဖိုးသည် ယွမ် ၁၀၀ ဘီလီယံကျော် (ကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံ) တွင် ရှိနေသည်ဟု တရုတ်သုတေသနကုမ္ပဏီ iiMedia က ပြောသည်။

Baidu ရှာဖွေရေး အင်ဂျင် (search engine) ပေါ်တွင်လည်း “sex toys” ဆိုသည့် စကားလုံးကို ရှာဖွေမေးမြန်းမှုက ဇန်နဝါရီနှင့် ဇွန်လအကြား ထိုးတက်ခဲ့ကြောင်း ရှန်ဟိုင်း အခြေစိုက် ဈေးကွက်သုတေသနလုပ်ငန်း Daxue Consulting မှ အကဲဖြတ်တစ်ဦးဖြစ်သည့် စတက်ဖီ နိုးလ် က ပြောသည်။

သို့သော် ကပ်ရောဂါကာလအတွင်း ပြည်တွင်း ဝယ်လိုအား မြင့်တက်မှုက အဓိကကျသည့် ရေရှည် တိုးတက်မှုကို ဖြစ်စေနိုင်ဖွယ် မရှိဟု သူမက ပြောသည်။ “ကပ်ရောဂါကာလအတွင်း လိင်ကိရိယာတွေကို ဝယ်ယူခဲ့ကြသူတွေ ဟာ အဓိကအားဖြင့်တော့ ပထမဆုံးအကြိမ် ဝယ်သူတွေ ဖြစ်ခဲ့ကြတယ်” ဟု နိုးလ်က ပြောသည်။ ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းက တစ်ကြိမ်တည်းဖြစ်သော ဝယ်ယူမှု ဖြစ်ဖွယ် ရှိလိမ့်မည်ဟု သိရသည်။

တချိန်တည်းမှာပင် ပြည်ပ ဝယ်လိုအားသည် မတင်းတိမ် မရောင့်ရဲနိုင်ဘဲ ဖြစ်နေသည်။ တရုတ်သည် ယခုအခါ လိင်ကိရိယာများအတွက် ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှုများ၏ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေပြီဖြစ်ကြောင်း Daxue Consulting က မတ်လ အစီရင်ခံစာတစ်ခုတွင် ပြောခဲ့သည်။

အော်ဒါ မှာယူမှုပိုင်း မြင့်တက်နေမှုက အီတလီ၊ ပြင်သစ် နှင့် အမေရိကန်တို့ကနေ လာခဲ့ခြင်း ဖြစ်သည်ဟု နိုးလ်က ပြောသည်။ “အဓိကအားဖြင့်တော့ တုန်ခါစက် (vibrator) တွေနဲ့ လိင်အာသာဖြေအရုပ် (sex doll) တွေ အတွက်ပေါ့” ဟု ၎င်းက ပြောသည်။

၂၀၂၀ ပထမနှစ်ဝက်တွင် ပို့ကုန်တင်ပို့မှုသည် တစ်နှစ်ထက် တစ်နှစ် ၅၀ ရာခိုင်နှုန်း ခုန်တက်ခဲ့ကြောင်း တရုတ် e-commerce လုပ်ငန်းကြီး AliExpress က ပြောသည်။ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်ရှိ လူများ နေအိမ်တွင် ပိတ်မိစေခဲ့စဉ်ကာလတွင် ဝယ်လိုအားကို ဖြည့်နိုင်ရန် စက်ရုံများသည်လည်း ကြိုးပမ်းခဲ့ရကြောင်း သိရသည်။

“သက်ရှိလူပုံစံလိုမျိုး လိင် အာသာဖြေအရုပ်ပေါင်း တစ်လကို ၁,၀၀၀ ကျော် ကျွန်တော်တို့ တင်ပို့တယ်၊ ကျွန်တော်တို့ဟာ ထုတ်လုပ်မှုပိုင်းမှာ အပြည့်အဝ ထုတ်လုပ်နိုင်စွမ်းအထိ ရောက်ရှိထားခဲ့ပါပြီ” ဟု ရှန်ကျန်းရှိ ရှန်းယီ လူကြီးပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှ ဖုန် အမည်ရ မန်နေဂျာတစ်ဦးက ပြောသည်။ အမေရိကန်၊ ဂျာမနီနှင့် ဂျပန်တို့သည် လိင် အာသာဖြေအရုပ်များကို အဓိက တင်ပို့ရသည့် နိုင်ငံများဖြစ်ပြီး ယင်းတို့ကို တစ်ခုလျင် ကန်ဒေါ် လာ ၃၀၀ နီးပါးဖြင့် ရောင်းချရကြောင်း သိရသည်။ “သူတို့တွေက ဒီ လိင်အာသာဖြေအရုပ်တွေကို ယဉ်ကျေးမှုအရ ရှောင်ရမယ့် အရာတစ်ခုလို့ မမြင်ပါဘူး၊ ခုဆို လူတွေက ပိုပွင့်လင်းလာပြီဖြစ်သလို သူတို့ဟာ ဒီလိုအရာ တွေကို အရမ်းကို ထူးဆန်းထိတ်လန့်ဖွယ် ကောင်းတယ်လို့ မထင်ကြပါဘူး” ဟု ဖုန်က ပြောသည်။

တရုတ် လူ့အသိုင်းအဝိုင်းသည်လည်း လိင်ကိရိယာများကို တဖြည်းဖြည်းချင်း ပိုမို လက်ခံလာကြလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် အဆိုပါပစ္စည်းများ အသုံးပြုမှုကို ပုံမှန်ကိစ္စအဖြစ် ရှုမြင်မည်ဟု မျှော်လင့်ကြောင်း အေမီက ပြောသည်။ “ဒီလို ပျော်ရွှင်မှုမျိုး လူတိုင်း ခံစားနိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်၊ အဲဒါက ရှင့်ကိုယ်ရှင် ပေးနိုင်တဲ့ အရာတစ်ခုဖြစ်သလို ဝယ်ယူဖို့လည်း သိပ်ကို လွယ်ကူပါတယ်” ဟု သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly