ကက်ရှ်မီးယား ထိပ်တန်းနိုင်ငံရေးသမားကို ၁၄ လတာ ဖမ်းဆီးထားရာမှ အိန္ဒိယ ပြန်လွှတ် 

ကက်ရှ်မီးယား ထိပ်တန်းနိုင်ငံရေးသမားကို ၁၄ လတာ ဖမ်းဆီးထားရာမှ အိန္ဒိယ ပြန်လွှတ် 
Mehbooba Mufti was detained 14 months ago along with thousands of others when New Delhi imposed direct rule on Indian-administered Kashmir

 အောက်တိုဘာ ၂၁

အိန္ဒိယနိုင်ငံသည် အငြင်းပွား ကက်ရှ်မီးယားဒေသကို တိုက်ခိုက်အုပ်ချုပ်ရေး ပြဋ္ဌာန်းပြီး အထူးလုံခြုံရေးအာဏာသုံးခဲ့စဉ်က လူ ထောင်ပေါင်းများစွာနှင့်အတူ ဖမ်းဆီးထားခဲ့သော ကက်ရှ်မီးယား ဝန်ကြီးချုပ်ဟောင်း အမျိုးသမီးဖြစ်သူကို ၁၄ လကြာပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ 

မွတ်စလင်အများစု ပြည်နယ် ကက်ရှ်မီးယား၌ အိန္ဒိယအစိုးရက အရေးပေါ်ဥပဒေများ ချမှတ်ပြဋ္ဌာန်းပြီး ဆက်သွယ်ရေး အားလုံးဖြတ်တောက်ကာ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ဖြန့်ကြက်ခဲ့သည့် ၂၀၁၉ ဩဂုတ်လမှစပြီး မတ်ရှ်ဘူးဘာမူဖတီကို ဖမ်းဆီးထိန်းသိမ်းထားရာမှ အင်္ဂါနေ့ နှောင်းပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

အာဏာပိုင်များက စစ်ဆေးမေးမြန်းခြင်း၊ တရားစွဲဆိုခြင်း မရှိဘဲ လူများကို နှစ်နှစ်အထိ ဖမ်းဆီးချုပ်နှောင်နိုင်ခွင့်ရှိသော အများပြည်သူ လုံခြုံရေးအက်ဥပဒေဖြင့် အသက် ၆၁ နှစ်အရွယ် မူဖတီနှင့်အတူ အခြား ဝန်ကြီးချုပ်ဟောင်း သုံးဦးနှင့် ထိပ်တန်းနိုင်ငံရေးသမားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဝန်ကြီးချုပ်ဟောင်း သုံးဦးကိုပါ ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း နိုင်ငံရေးသမားအချို့အပါအဝင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားသူပေါင်း ၈၀၀၀ နီးပါး ရှိနေဆဲ ဖြစ်သည်။ 

အိန္ဒိယတရားရုံးချုပ်က မူဖတီ၏ အသနားခံလွှာကို ကြားနာရန် ရှိသည့် တစ်ရက်အလို၌ အာဏာပိုင်များက မည်သည့် ရှင်းလင်းချက်မှ မပေးဘဲ သူအား ဖမ်းဆီးချုပ်နှောင်သည့် အမိန့်ကို အင်္ဂါနေ့နှောင်းပိုင်းတွင် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ 

ဒေသတွင်း ပြည်သူ့ဒီမိုကရက်တစ်ပါတီ PDP ၏ အကြီးအကဲဖြစ်သူ မူဖတီသည် ၎င်း၏ မဟာမိတ်ဖြစ်သော ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးပါတီ Bharatiya Janata Parth က ထောက်ခံမှု မရုပ်သိမ်းခင် ၂၀၁၆ မှ ၂၀၁၈ အထိ ကက်ရှ်မီးယားဒေသအား  အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ 

ပြည်နယ်အား နှစ်ပိုင်း ကွဲသွားစေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အိန္ဒိယ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားစေခဲ့သည့် အရေးပေါ်ဥပဒေများ ပြဋ္ဌာန်းခဲ့သည့် ၂၀၁၉ ဩဂုတ်နောက်ပိုင်း၌ ဆူပူအကြမ်းဖက်မှုများကို တားဆီးရန်အတွက်ဆိုကာ မူဖတီအား ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်သည်ဟု အိန္ဒိယအစိုးရက ရှင်းလင်းချက် ထုတ်ထားခဲ့သည်။ 

ကက်ရှ်မီးယားဒေသ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ရုပ်သိမ်းခြင်းသည် ဒေသ၏ ဖွံ့ဖြိုးရေးအတွက် လိုအပ်၍ဖြစ်ပြီး အရပ်သား အများစုဖြစ်သော လူထောင်ပေါင်းများစွာ သေဆုံးရသည့် နှစ်သုံးဆယ်ကျော် ဖြစ်ပွားနေသော လက်နက်ကိုင်ပုန်ကန်ထကြွမှုများ အဆုံးသတ်ရေးအတွက် ဖြစ်သည်ဟု မိုဒီ အစိုးရက ပြောသည်။ 

အိန္ဒိယနှင့် ပါကစ္စတန်ကြား ပိုင်နက်အငြင်းပွားမှုရှိနေသည့် ဟိမဝန္တာဒေသဖြစ်သော ကက်ရှ်မီးယား၌ အများစုက လွတ်လပ်သော နိုင်ငံအဖြစ် တောင်းဆိုလျက် ရှိကြသည်။ 

မူဖတီက တွစ်တာမှတစ်ဆင့် အသံဖိုင် ထုတ်လွှင့်ခဲ့ပြီး နိုင်ငံရေးအခွင့်အရေးများ ပြန်လည်ပေးအပ်ရေးနှင့် နိုင်ငံရေးအငြင်းပွားမှုများ နောက်ဆုံး အဆုံးသတ်ချုပ်ငြိမ်းရေးတို့ကို တောင်းဆိုခဲ့သည်။ 

“ကျွန်မတို့ရဲ့ ပြည်သူ ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရတဲ့ ကက်ရှ်မီးယား ပြဿနာအတွက် ကျွန်မတို့ ဆက်လက်ရုန်းကန်ကြိုးစားသွားမှာ ဖြစ်တယ်။”ဟု သူက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly