ကျန်းမာရေး စောင့်ကြည့်ခြင်းနဲ့ လေသန့်စင်ပေးရုံမက ဘာသာပါ ပြန်ပေးနိုင်တဲ့ နည်းပညာမြင့် နှာခေါင်းစည်း 

ကျန်းမာရေး စောင့်ကြည့်ခြင်းနဲ့ လေသန့်စင်ပေးရုံမက ဘာသာပါ ပြန်ပေးနိုင်တဲ့ နည်းပညာမြင့် နှာခေါင်းစည်း 
Photo - AFP

အောက်တိုဘာ ၂၁

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှာခေါင်းစည်း တပ်ဆင်ကြတဲ့ အမူအကျင့် ဖြစ်ပွားရှင်သန်လာတာဟာ ပုံမှန်ထက် ထူးကဲတဲ့ နည်းပညာမြင့် နှာခေါင်းစည်းတွေ ထုတ်လုပ်တဲ့ ရေစီးကြောင်းကို ဖြစ်ထွန်းလာစေပါတယ်။ 

ကိုယ်ခန္ဓာရဲ့ အပူချိန်၊ သွေးခုန်နှုန်း၊ အသက်ရှုမှုနဲ့ နှလုံးခုန်နှုန်းတွေကို စောင့်ကြည့်ရုံမက လေသန့်စင်ပေးတာအပြင် ဘာသာပါ ပြန်ပေးနိုင်တဲ့ နှာခေါင်းစည်းတွေ ထုတ်လုပ်လာတဲ့အထိ နည်းပညာတစ်ခေတ်ပြောင်းလာခဲ့ပါတယ်။ 

နှာခေါင်းစည်းတွေဟာ တစ်ကမ္ဘာလုံးအတွက် အဓိကအရေးပါတာ ဖြစ်လာတာနဲ့အတူ နည်းပညာကုမ္ပဏီကြီးတွေနဲ့ သုတေသနပညာရှင်တွေဟာ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ပေးရုံမက နှာခေါင်းစည်း ဝတ်ဆင်တဲ့ ခေတ်ရေစီးကြောင်းလိုက်ပြီး တစ်မူထူးတဲ့ ဩချလောက်ဖွယ် နှာခေါင်းစည်းတွေကို တီထွင် ထုတ်လုပ်လာကြပါတယ်။ 

ဒီလို ထူးထူးဆန်းဆန်း နှာခေါင်းစည်းတွေထဲမှာ ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ နည်းပညာမြင့် နှာခေါင်းစည်းလည်း အပါအဝင်ဘဲ ဖြစ်ပါတယ်။ တည်ထောင်စ Donut Robotics ကုမ္ပဏီဟာ လူခွာနေခြင်းကို လိုက်နာစေတာအပြင် ဘာသာပြန်တစ်ယောက်လိုပါ စွမ်းဆောင်ပေးနိုင်တဲ့ နှာခေါင်းစည်းကို ဖန်တီးတီထွင်ထားပါတယ်။ 

C-Face လို့ ခေါ်ထားတဲ့ ဒီ နှာခေါင်းစည်းဟာ တပ်ဆင်ထားသူက စမတ်ဖုန်းရဲ့ အက်ပရီကေးရှင်းတစ်ခုကနေ စကားပြောဆိုရပြီး ဆယ်မီတာ (၃၂ ပေ) အကွာက အခြားသူတွေနဲ့ စကားစမြည် ပြောဆိုနိုင်တာပါ။ 

“ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ တစ်ခါတစ်ရံမှာ တစ်ဦးနဲ့ တစ်ဦး တိုက်ရိုက်စကားပြောဖို့ လိုအပ်တယ် မဟုတ်လား။”ဟု Donut Robotics မှ အမှုဆောင်အရာရှိ တိုင်ဆူကီအိုနိုက အေအက်ဖ်ပီကို ပြောပါတယ်။ 

အပေါ့စား ဆီလီကွန်စက်ကိရိယာဖြစ်တဲ့ ဒီ နှာခေါင်းစည်းဟာ ဆရာဝန်တွေက လူနာနဲ့ ခပ်ဝေးဝေးကနေ ဆက်သွယ်ပြောဆိုရတာလိုမျိုးတွေမှာ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ 

အခု နည်းပညာမြင့် C-Face နှာခေါင်းစည်းဟာ ဂျပန်ဘာသာကနေ အင်္ဂလိပ်၊ ကိုရီးယားနဲ့ အခြား ဘာသာစကားတွေကိုပါ ဘာသာပြန်ပေးနိုင်တာကြောင့် ခရီးသွား ကန့်သတ်ချက်တွေ ဖြေလျော့ပေးတဲ့အခါမှာလည်း ပိုပြီး အသုံးဝင်လာဖို့ပဲ ရှိပါတယ်။ 

ဒါပေမယ့် ဒီ နှာခေါင်းစည်းဟာ သူ့ချည်း သက်သက်နဲ့တော့ COVID-19 ကို အကာအကွယ် မပေးနိုင်ဘဲ ပုံမှန် နှာခေါင်းစည်းအနေနဲ့ပဲ ဒီဇိုင်းဆွဲ ထုတ်လုပ်ထာထးတာ ဖြစ်ပါတယ်။ 

ကပ်ဘေးကာလအတွင်းမှာ လူနေမှုဘဝတွေ ပိုပြီး သက်သာလွယ်ကူစေဖို့ အိုနိုရဲ့ တီထွင်ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းနဲ့ Donut Robotics ကုမ္ပဏီဟာ ယန်းငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၉၅၀၀၀၀ ဒေါ်လာ) ရန်ပုံငွေ မတည်ပြီး C-Face နှာခေါင်းစည်းကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့တွေ နည်းပညာနဲ့ လူသားအသိဉာဏ်နဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ကောင်းမှာပါ။”လို့ အိုနိုက ပြောပါတယ်။ 

စင်ကာပူမှာလည်း COVID-19 လူနာတွေကို ကုသစောင့်ရှောက်နေရတဲ့ ဆေးဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ဖို့ နည်းပညာမြင့် နှာခေါင်းစည်းတစ်မျိုးကို တီထွင်ထားပါတယ်။ 

အဲဒီ နှာခေါင်းစည်းကလည်း ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းနဲ့ ကိုယ်တွင်း အောက်ဆီဂျင်ပါဝင်နှုန်းတွေကို စောင့်ကြည့်ထောက်လှမ်းတဲ့ အာရုံခံစနစ်တွေပါတဲ့ နှာခေါင်းစည်းပဲ ဖြစ်ပါတယ်။ 

“ရှေ့တန်းက ဆေးဝန်ထမ်းတွေအနေနဲ့ သံသယလူနာတွေရဲ့ ကျန်းမာရေး အချက်အလက်တွေကို ရယူတဲ့ အချိန်မှာ ဒီ နှာခေါင်းစည်းဟာ အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။”ဆိုပြီး တီထွင်သူ သိပ္ပံပညာရှင်ထဲက တစ်ဦးဖြစ်တဲ့ လိုကျိအန်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဘေးအန္တရာများတဲ့ ကြားမှာ ရှိနေတယ်။ ဒီ ဘေးအန္တရာယ်တွေကို ကျွန်တော်တို့က လျှော့ချပေးချင်တာ ဖြစ်ပါတယ်။”လို့ လိုကျိအန်းက ပြောပါတယ်။ 

အခု နှာခေါင်းစည်းကို အသုံးပြုပြီး စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ အဆောင်နေတန်းလျားတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေးအချက်အလက်တွေကို စောင့်ကြည့်နိုင်မှာဖြစ်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။ 

ဒီ နှာခေါင်းစည်းကို သိပ်မကြာခင် လက်တွေ့စမ်းသပ်မှာဖြစ်ပြီး ဈေးကွက်တင်အတွက်လည်း သူတို့က မျှော်လင့်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required