ဩစတြေးလျနိုင်ငံရေးသမားများ ပစ်မှတ်ထားသူလျှိုလုပ်ခံနေရခြင်းက စစ်အေးတိုက်ပွဲထက်ပိုဆိုးကြောင်း ထောက်လှမ်းရေးအကြီးအကဲသတိပေး

ဩစတြေးလျနိုင်ငံရေးသမားများ ပစ်မှတ်ထားသူလျှိုလုပ်ခံနေရခြင်းက စစ်အေးတိုက်ပွဲထက်ပိုဆိုးကြောင်း ထောက်လှမ်းရေးအကြီးအကဲသတိပေး

အောက်တိုဘာ ၂၁

ဩစတြေးလျပြည်သူများသည် ပြည်ပအင်အားကြီးနိုင်ငံများ၏ စောင့်ကြည့်မှုနှင့်နှောင့်ယှက်မှုကိုခံနေရပြီး  သူလျှိုလုပ်ထောက်လှမ်းခံနေရမှုများသည် စစ်အေးတိုက်ပွဲရေချိန်များကို မှေးမှိန်သွားစေသည်ဟု လျှို့ဝှက်ထောက် လှမ်းရေးအကြီးအကဲတစ်ဦးက အောက်တိုဘာ ၂၀ ရက်တွင် ပါလီမန်ကို သတိပေးစကားဆိုခဲ့သည်။

အတွေးအမြင်နယ်ပယ်တစ်လွှားမှ နိုင်ငံရေးသမားအများအပြားသည် သံသယဖြစ်ဖွယ် ပြည်ပမှ အထူးသဖြင့် တရုတ်နိုင်ငံမှ လွှမ်းမိုးမှုစစ်ဆင်ရေးများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လာကြသည်။  

စစ်အေးတိုက်ပွဲအရှိန်မြင့်မှုထက်သာလွန်စွာဖြင့် ဩစတြေးလျအကျိုးစီးပွားကို မလိုလားသည့်စစ်ဆင်ရေးများလုပ်ဆောင်နေသော ပြည်ပသူလျှိုများနှင့်၎င်းတို့၏ ကိုယ်စားလှယ်များစွာရှိသည်ဟု ဩစတြေးလျလုံခြုံရေး ဆိုင်ရာထောက်လှမ်းရေးအဖွဲ့ (ASIO) အကြီးအကဲ မိုက်ကယ်ဘားဂတ်စ်က ပြောခဲ့သည်။  

ဩစတြေးလျတွင် လာရောက်အခြေချနေထိုင်သူများသည်လည်း ပြည်ပအစိုးရများ၏ စောင့်ကြည့်နှောင့်ယှက်မှုကို ခံနေရသည်ဟု မိုက်ကယ်ဘားဂတ်စ်က သတိပေးခဲ့သည်။

ဩစတြေးလျနှင့်တခြားဒီမိုကရက်တစ်နိုင်ငံများတွင် နေထိုင်ကြသော တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ ဝီဂါမျိုးနွယ်များသည်လည်း ပစ်မှတ်ထားခံနေရကြောင်း AFP ၏ စုံစမ်းစစ်ဆေးမှုများက ပြသနေသည်။  

ဩစတြေးလျတက္ကသိုလ်များတွင်တက်နေသော ဟောင်ကောင်ကျောင်းသားများ၏ပြောပြချက်အရ  မွေးရပ်မြေမှမိသားစုများသည် ဟောင်ကောင်၌ ဒီမိုကရေစီဆန္ဒပြပွဲများအပြီးတွင် ခြိမ်းခြောက်မှုများခံကြရကြောင်း သိရသည်။  

ဘားဂတ်စ်က ကင်ဘာရာ၌ ဥပဒေပြုအမတ်များကို ပြောကြားရာတွင် တရုတ်နိုင်ငံ အမည်တပ်ပြီး ညွှန်းဆိုပြောကြားခဲ့ခြင်းတော့ မရှိပေ။

သို့သော် အခြေချနေထိုင်သူအုပ်စုများကို ပြည်ပမှ စောင့်ကြည့်ခြိမ်းခြောက်ခြင်းသည် ဩစတြေးလျ၏အချုပ်အခြာအာဏာကို တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ဘားဂတ်စ်က ဆိုသည်။

“ဩစတြေးလျကလူတွေက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်ထောက်ခံအားပေးတာ ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်တာတွေကို ရိုးရိုးရှင်းရှင်း ဝေဖန်တာတွေအတွက် ခြိမ်းခြောက်ခံနေရတာဟာ လက်ခံနိုင်ဖွယ် မရှိပါဘူး” ဟု ဘားဂတ်စ်က ပြောသည်။

မကြာသေးမီနှစ်များအတွင်းက ဩစတြေးလျနိုင်ငံရေးသမားအတော်များများသည် ပေကျင်းနှင့်ဆက်စပ်သောအလှူရှင်များမှ အလှူငွေများလက်ခံခြင်း သို့မဟုတ် တရုတ်ဝါဒဖြန့်ကြိုးပမ်းမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရခြင်း များကြုံခဲ့ရပြီးနောက် ပြဿနာအရှုပ်အထွေးများနှင့် ရင်ဆိုင်ခဲ့ကြရသည်။

 “ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့နဲ့ ဆုံးဖြတ်ချက်ချမှုတွေကို ကြိုးကိုင်ဖို့ အားထုတ်ရာမှာ တိုင်းပြည်ရဲ့ နိုင်ငံရေးသမားတွေက ထင်ရှားတဲ့ ပစ်မှတ်တွေပါပဲ။ ပြည်ပနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ တိုးမြှင့်ဖို့အတွက် အစိုးရရဲ့ အဆင့်အသီးသီးမှာ နိုင်ငံရေးသမားတွေမွေးထုတ်ပေးနေတာကို ထောက်လှမ်းရေးအဖွဲ့ရဲ့အထောက်အထားတွေအရ တွေ့မြင်နေရတယ်” ဟု ဘားဂတ်စ်က ဆိုသည်။

တရုတ်သည် သူလျှိုထောက်လှမ်းခြင်းနှင့် ဩဇာဖြန့်ကြက်ခြင်းဖြင့် ဩစတြေးလျနိုင်ငံရေးစနစ်ကို လွှဲပြောင်းယူရန် ကြိုးပမ်းနေကြောင်း ASIO ၏ အကြီးအကဲဟောင်း ဒန်ကန်လူးဝစ်က ယမန်နှစ်က သတိပေးခဲ့သေးသည်။

တရုတ်အဖွဲ့အစည်းများက ဩစတြေးလျနိုင်ငံရေးပါတီများသို့ ကြီးမားသောပံ့ပိုးမှုများပြုလုပ်နေသည့် ဖြစ်ရပ်များသည် မီဒီယာနှင့်နိုင်ငံ့တက္ကသိုလ်များကိုလည်း ပစ်မှတ်ထားသည့် ကျယ်ပြန့်သောလှုပ်ရှားမှု၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒန်ကန်လူးဝစ်က ထုတ်ဖော်ပြောကြားခဲ့သည်။  

တရုတ်သည် သမ္မတရှီကျင့်ဖျင်အာဏာရလာချိန်မှစ၍ လှူဒါန်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် အဖွဲ့အစည်းများမှတစ်ဆင့် ပြည်ပနိုင်ငံရေးကိုလွှမ်းမိုးရန် ကြိုးပမ်းအားထုတ်မှုများ ကြီးထွားလာသည်ဟု တာဝန်ရှိသူများက ဆိုကြသည်။

ဩစတြေးလျ၌ အကျိုးသက်ရောက်မှုသည် အမေရိကန်ကို ယခင်ကတည်းက စိုးရိမ်မှုများဖြစ်စေခဲ့ပြီး ကျေနပ်အားရမနေရန် မဟာမိတ်ကို အမေရိကန်က ထပ်တလဲလဲသတိပေးခဲ့သည်။  

ဩစတြေးလျနှင့်အမေရိကန်တို့သည် Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲ့ဝင်များဖြစ်ပြီး ထိုအဖွဲ့တွင် ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်တို့လည်းပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly