ဆူဒန်ကို အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ ထရမ့် ပြော 

ဆူဒန်ကို အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ ထရမ့် ပြော 
Photo - AFP

အောက်တိုဘာ  ၂၁ 

အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေလို့ အမေရိကန်က သတ်မှတ်ထားတဲ့ စာရင်းထဲကနေ ဆူဒန်နိုင်ငံကို ပယ်ဖျက်ပေးဖို့ အသင့်ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ယင်းနိုင်ငံအနေနဲ့ နိုင်ငံတကာ အပယ်ခံအဖြစ် ဆယ်စုနှစ်များနဲ့ချီ ရှိနေခဲ့ရာကနေ ယခုအခါ စာမျက်နှာသစ် လှန်ပြီး အသစ်ကနေ ပြန်စနေချိန် ခုလို ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကတော့ အရပ်သား ထောက်ခံတဲ့ ဆူဒန်အစိုးရအတွက် အထင်ကရ ရှိတဲ့ အား ပေးမှုတစ်ခု ဖြစ်ပါတယ်။ 

ဒီ စာရင်းထဲကနေ ပယ်ဖျက်ခံရဖို့ နှစ်များနဲ့ချီ ကြိုးစားထားခဲ့တဲ့ ဆူဒန် နိုင်ငံဆိုရင် အတိတ်ကာလက တိုက်ခိုက်မှုတွေကြောင့် စတေးခံခဲ့ရသူတွေနဲ့ ဆွေမျိုးတွေအတွက် ကန်ဒေါ်လာ ၃၃၅ သန်း နစ်နာကြေးတစ်ရပ် ပေးဖို့ သဘောတူထားလိုက်ပြီဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။ 

“အဆုံးသတ်မှာတော့ အမေရိကန်ပြည်သူတွေအတွက် တရားမျှတမှု ရှိပြီဖြစ်သလို ဆူဒန်အတွက်လည်း ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ” လို့ ထရမ့်က တွစ်တာတွင် ရေးခဲ့သည်။ 

ဒါ့အပြင် နစ်နာကြေးအတွက် အာမခံတင်ပြီးတာနဲ့တပြိုင်နက် ဆူဒန်ကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းထဲကနေ ပယ်ဖျက်ပေးသွားမယ်လို့ ထရမ့်က ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ 

အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေလို့ ဝါရှင်တန်က သတ်မှတ်ထားခဲ့တဲ့ စာရင်းထဲမှာ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့အတူ ပါဝင်နေခဲ့တဲ့ ဆူဒန်မှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးကြီးမားမား အဟန့်အတားဖြစ်စေခဲ့သလို အမေရိကန်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ယင်းနိုင်ငံမှာ ရင်းနှီးမြုှပ်နှံမှုတွေ လုပ်လိုတဲ့ အဓိက ပြည်ပ ရင်းနှီးမြုှပ်နှံသူတွေလည်း အနည်းအကျဉ်းမျှသာ ရှိခဲ့ပါတယ်။ 

ဆူဒန်ကတော့ အာဏာရှင်ဆန်တဲ့ အိုမာ အယ်လ် ဘာရှားရဲ့ အုပ်ချုပ်မှုကာလအတွင်း ၁၉၉၃ ခုနှစ်မှာ ဒီ စာရင်းထဲ ထည့်သွင်းသတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အယ်လ် ဘာရှားကတော့ အယ်လ်ကေးဒါး တည်ထောင်သူ အိုစမာ ဘင်လာဒင်ကို လက်ခံကြိုဆိုခဲ့သလို ၎င်းဟာ နိုင်ငံအပေါ်မှာလည်း နိုင်ငံရေးဆိုင်ရာ တင်းကျပ်တဲ့ အစ္စလမ် ဘာသာရေးအယူဝါဒ အမှတ်တံဆိပ်တစ်ခုကို သွတ်သွင်းခဲ့ပါတယ်။  

ပဋိပက္ခတွေနဲ့ ဖိစီးနေခဲ့တဲ့ ဆူဒန်နိုင်ငံမှာတော့ ယမန်နှစ်က သမိုင်းဝင် အရွေ့တစ်ခု တွေ့ကြုံဖြစ်ပေါ်ခဲ့ပြီး လူငယ်ထု ဦးဆောင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်အတွေ့မှာ ဘာရှားလည်း ပြုတ်ကျသွားခဲ့ပြီး အရပ်သား ကျောထောက်နောက်ခံပြု အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ကို တင်မြှောက်ခဲ့ပါတယ်။ 

ထရမ့်ရဲ့ ကြေညာချက်ကတော့ ဆူဒန်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ ဆူဒန် ပြည်သူတွေအတွက် အားအကောင်းဆုံး ထောက်ခံအားပေးမှုတစ်ခု ဖြစ်တယ်လို့ ဆူဒန် ဝန်ကြီးချုပ် အက်ဒဲလာ ဟမ်ဒေါ့ခ်က ပြောသွားပါတယ်။ 

၀န်ကြီးချုပ် ဟမ်ဒေါ့ခ်ကတော့ ပြုပြင်ပြောင်းလဲလိုစိတ် ရှိတဲ့ စီးပွားရေး ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ရွေးကောက်ပွဲတွေမတိုင်မီ နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရရဲ့ အဓိကပုဂ္ဂိုလ် ဖြစ်ပါတယ်။ 

“အရင် အစိုးရရဲ့ အလေးလံဆုံး အမွေတစ်ခုကို ကျွန်တော်တို့ ဖယ်ထုတ်နိုင်တော့မှာ ဖြစ်တာနဲ့အတူ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကို ချစ်တဲ့ လူတွေ ဖြစ်တယ်ဆိုတာနဲ့ အကြမ်းဖက်မှုဝါဒကို ဘယ်တော့မှ မထောက်ခံခဲ့ဘူးဆိုတာကို ကျွန်တော့်အနေနဲ့ ထပ်လောင်းပြောဆိုနိုင်ပါတယ်” လို့ ဟမ်ဒေါ့ခ်က ပြောသွားပါတယ်။ 

တချိန်တည်းမှာလည်းပဲ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အလွန် အရေးပါကြောင်းနဲ့ ဒီအပေါ်မှာ အပြည့်အဝ ထောက်ခံကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly