အမေရိကန် ဒရုန်းတိုက်ခိုက်မှုတွင် အိုင်အက်စ်တို့၏အသံ ဂျီဟတ်ဂျွန် သေဆုံးခဲ့ကြောင်းသေချာဟုဆို

အမေရိကန် ဒရုန်းတိုက်ခိုက်မှုတွင် အိုင်အက်စ်တို့၏အသံ ဂျီဟတ်ဂျွန် သေဆုံးခဲ့ကြောင်းသေချာဟုဆို

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၆ ။         ။ မျက်နှာကိုဖုံးကွယ်ထားသော်လည်း ဂျီဟတ်ဂျွန်မှာ အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ အင်္ဂလိပ်စကားပြောသော အသံတစ်သံပင် ဖြစ်သည်။ ဗွီဒီယိုရိုက်ထားသည့် သူ၏ ဟန်ပန်လှုပ်ရှားမှုများက ကြောက်စရာကောင်းလောက်အောင် ရက်စက်လွန်းသည်။ သတင်းအဖြစ်အပျက်များကို အစီရင်ခံရန်နှင့် အခြားသူများကို ကူညီရန် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာသူများကို ဓားစာခံအဖြစ် ဖမ်းဆီး၍ ခေါင်းဖြတ်ခြင်းမှာ အိုင်အက်စ် စစ်သွေးကြွအုပ်စု၏ ကျင့်ဝတ်မဲ့မှုနှင့် အကြင်နာတရား ကင်းမဲ့မှု၏ ပြယုဂ်သင်္ကေတတစ်ခုပင် ဖြစ်သည်။

အမေရိကန်စစ်တပ် ဗိုလ်မှူးကြီး စတီဗင် ဝါရင်း၏ သောကြာနေ့က ပြောကြားချက်အရ အရင်တစ်ညက လူမဲ့လေယာဉ် ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ပစ်မှတ်ထားသည့် မော်တော်ယာဉ်ထဲတွင် လိုက်ပါလာ သူအားလုံး အသတ်ခံခဲ့ရပြီး ၎င်းတို့အထဲတွင် ဂျီဟတ်ဂျွန်ဟု လူသိများသည့် မိုဟမ္မတ် အမ်ဝါဇီလည်း ပါဝင်နေသည်ဟု ဆိုသည်။

‘ကျနော်တို့ သတ်ချင်တဲ့ ပစ်မှတ်ကို သတ်နိုင်ခဲ့တာသေချာပါတယ်။ အဲဒါကတော့ ဂျီဟတ် ဂျွန်ပါပဲ။ ဒီလူကလူ့တိရစ္ဆာန်တစ်ကောင်ပါ။ သူ့ကို သတ်လိုက်တာဟာ ကမ္ဘာကြီးကို မဆိုစလောက်လေး ပဲဖြစ်ဖြစ် ပိုကောင်းသွားအောင် လုပ်လိုက်တာပါပဲ’ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့ကတည်းက အမ်ဝါဇီကို အနီးကပ် ခြေရာခံလိုက်နေခဲ့ပြီး ကြာသပတေးနေ့ကမူ အဆောက်အဦးတစ်ခုထဲမှ ထွက်လာကာ ကားတစ်စီးအတွင်းသို့ ဝင်ရောက်သွား သည်ကို တွေ့လိုက်ရသည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။ ဒရုန်းယာဉ် သုံးစင်းက ထိုကားနောက်သို့ လိုက်သွားခဲ့ပြီး ငရဲမီး (Hellfire)ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့သည်ဟုဆို သည်။

ရက်ကာ တိတ်တဆိတ် သတ်ဖြတ်ခံနေရသည်(Raqqa is Being Slaughtered Silently)ဟု အမည်ရသော ဆီးရီးယား တက်ကြွလှုပ်ရှားသူအုပ်စုတစ်စုက ဒုံးကျည်မှာ ရက်ကာရှိ အိုင်အက်စ်တရား ရုံးရှေ့တွင် အမ်ဝါဇီလိုက်ပါလာသည့် ကားကို တိုက်ရိုက်ထိမှန်သွားခဲ့သည်ဟု ပြောကြားသည်။

သောကြာနေ့နှောင်းပိုင်းတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း အမ်ဝါဇီကို ခြေရာခံမိရန် လိုအပ်သမျှကို လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် အခြားသူများ၏ အသက်ကို ကယ်တင်ရန်အတွက် အမ်ဝါဇီကို သတ်ဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမ်ဝါဇီ အဓိကဇာတ်ကောင်ဖြစ်သည့် ခေါင်းဖြတ်ဗွီဒီယိုများထဲတွင် ဗြိတိသျှ ကူညီရေးလုပ်သား ဒေးဗစ် ဟိုင်နက်စ် ပါဝင်သကဲ့သို့ အမေရိကန်ဂျာနယ်လစ်များဖြစ်ကြသည့် စတီဗင် စကော့လော့ဖ်နှင့် ဂျိမ်းဖိုလေး၊ အမေရိကန်ကူညီရေးလုပ်သား အဗ္ဗဒူ ရာမန် ကက်ဆင်းနှင့် ဂျပန်ဂျာနယ်လစ် ကင်ဂျီ ဂိုတိုတို့လည်း ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly