ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် မြေပြိုမှု အန္တရာယ် သတိပြုရန်လို

ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် မြေပြိုမှု အန္တရာယ် သတိပြုရန်လို
Photo Creadit - မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

အောက်တိုဘာ ၂ဝရက်

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့်နှစ်ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် မိုးပိုလာနိုင်ပြီး အချို့နေရာများတွင် နေရာကွက်မိုးကြီးနိုင်သဖြင့် မြေပြိုမှု အန္တရာယ်ကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးပိုလာနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်မိုးကြီးနိုင်ကြောင်း ၎င်းကပြောသည်။

“အဲ့နေရာတွေက တောင်ကုန်းတောင်တန်းထူထပ်တဲ့ ဒေသတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြေပြိုမှုဘေးအန္တရာယ်မျိုးတွေ သတိပြုဖို့လိုပါတယ်။ နောက်တစ်ခုက မြစ်ငယ် ချောင်းငယ်တွေမှာ တောင်ကျရေတံခွန်တို့စီးဆင်း တာတို့ ဒီဟာမျိုးလေးတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့် သတိပြုဖို့လိုပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကအောက်တိုဘာ ၂ဝရက် နေ့လည် ၁နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ကာ အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် လက်ရှိတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက်၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှုအန္တရာယ်ကို လည်းကောင်း ကြိုတင်သတိပြုနေထိုင်ကြရန် ဒေါက်တာကျော်မိုးဦးက အကြံပြုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် အောက်တိုဘာ ၂၂ရက်မှ ၂၄ရက်နေ့ အထိ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်း အသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေ ခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required