နှင်းဆီပါတီ မဲဆွယ်ဆိုင်းဘုတ်များဖြုတ်ချရေး စည်ပင်က တိုင်းအစိုးရကိုစာပို့မည်

နှင်းဆီပါတီ မဲဆွယ်ဆိုင်းဘုတ်များဖြုတ်ချရေး စည်ပင်က တိုင်းအစိုးရကိုစာပို့မည်
Photo Creadit - UDP(နှင်းဆီပါတီ)

အောက်တိုဘာ ၂၀ရက်

နှင်းဆီပါတီမှ စိုက်ထူထားသော ကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်း ဘုတ်များအား ဖြုတ်ချရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်တိုင်းအစိုးရထံ စာပေးပို့လမ်းညွန်မှုတောင်း ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ နှင်းဆီပါတီဟု ခေါ်သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းသည့်အပြင် ယင်းပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးကိုလည်း အမည်စာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။  

 “ နှုန်းထားတွေ ပြင်ဆင်တုန်းကလည်း အစိုးရအဖွဲ့ဆုံးဖြတ်ချက်နှင့်ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ပါတီဖျက်သိမ်းတဲ့အခါမှာလည်း အခုတပ်ဆင်ထားတဲ့ မြေပြင်မှာရှိတဲ့ဆိုင်းဘုတ်တွေ၊ ဒါရန်ကုန်စည်ပင်နယ် နိမိတ်တစ်ခုထဲ မဟုတ်ဘူး။ တစ်ပြည်လုံးဖြစ်တဲ့အတွက် ခြုံငုံပြီးစဉ်းစားနိုင်အောင် တိုင်းဒေသကြီးအစိုးရကို ဒီနေ့ပဲတင်ပြမှာပါ ” ဟု ဦးသန်းက ပြောသည်။

ထိုသို့ပါတီဆိုင်းဘုတ်များဖြုတ်ချရေးအတွက် တိုင်းအစိုးရ၏ညွန့်ကြားချက်အရသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆိုင်းဘုတ်များအား ပါတီမှပြန်လည်ဖြုတ်သိမ်းရန်(သို့မဟုတ်)စည်ပင်မှတာဝန်ယူဖြုတ်သိမ်းရန် နှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့၏ညွန်ကြားချက်ရရှိမှသာ သိရှိရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဆိုင်းဘုတ်ထူထောင်ရန် စည်ပင်သာယာရေးကော်မတီသို့ပေးသွင်းထားသည့် ငွေများကိုမူ ပြန်လည်ပေး အပ်မည်မဟုတ်ကြောင်းလည်း စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဆိုသည်။

ပါတီရုံးများတွင် တပ်ဆင်ထားသည့် ပါတီဆိုင်းဘုတ်များကို ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလာမှသာ ဖြုတ်သိမ်း၍ရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ နှင်းဆီပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးသိုက်ထွဏ်းက “ ကျွန်တော်တို့ပါတီရုံးဆိုင်းဘုတ်တွေ၊ မဲဆွယ်ဆိုင်းဘုတ်တွေ လက်ကမ်းစာစောင်တွေပေါ့လေ။ အဲ့တာတွေက ရွေးကောက်လည်း မခံရဘူး။ ပါတီလည်းဖျက်သိမ်းခံရပြီဆိုတော့ ဖျက်သိမ်းဖို့ပဲရှိတယ်လေ။ ဒါပေမယ့် သူတို့ဆီကနေ တရားဝင်စာထွက်ပေးရလိမ့်မယ်လို့ ယူဆပါတယ်။ အဲ့လိုထုတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ သိက္ခာအရဖြုတ်ပေးမှာပါ”ဟု ဆိုသည်။

ထိုသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စာထုတ်ပေးခြင်းမရှိပါက ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်များ  ကို သတ်မှတ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ သုံးရက်အလိုထိ စိုက်ထူထားမည်ဖြစ်ပြီး ပါတီဆိုင်းဘုတ်များ ကိုလည်း ရွေးကောက်ပွဲပြီးသည့်အထိ ဖြုတ်ချသွားမည်မဟုတ်ကြောင်း ဦးသိုက်ထွဏ်းက ပြောသည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အနေဖြင့် စက်တင်ဘာလ ၂၉ရက်က ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ရဲတပ်ဖွဲ့က ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စစ်ဆေးမှုများကိုလုပ်ဆောင်ပြီးနောက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှင်းဆီပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့ဖြင့် ငြိစွန်းခြင်းကြောင့် ပါတီကိုဖျက် သိမ်းကြောင်း ကြေညာခဲ့သည်။

နှင်းဆီပါတီဟုခေါ်သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)သည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲမတိုင်မီက နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းစိစစ်မှုနှင့်ပတ်သက်၍  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပျက်ကွက်မှုရှိခဲ့သည်ဟုလည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required