ပျဉ်းမနားမြို့မ ရဲအချုပ်ခန်း ကိုဗစ်-၁၉ ကူးစက်၊ အချုပ်သား ၃၄ ဦး နှင့်ရဲဝန်ထမ်း ၃ ဦးတွင် ရောဂါပိုးတွေ့ရှိ

ပျဉ်းမနားမြို့မ ရဲအချုပ်ခန်း ကိုဗစ်-၁၉ ကူးစက်၊ အချုပ်သား ၃၄ ဦး နှင့်ရဲဝန်ထမ်း ၃ ဦးတွင် ရောဂါပိုးတွေ့ရှိ

နေပြည်တော်၊ အောက်တိုဘာ ၂၀၊

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မရဲစခန်းရှိ အချုပ်ခန်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာအချုပ်သား နှင့်ထိတွေ့ခဲ့သည့် အချုပ်သား ၃၄ ဦး နှင့်ရဲဝန်ထမ်း သုံးဦးတွင် ကိုဗစ်ရောဂါအတည်ပြုတွေ့ရှိကြောင်း နေပြည်တော်ရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ရက်နေ့က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် ပျဉ်းမနားမြို့မရဲစခန်းရှိ အချုပ်ခန်းသို့ ရောက်ရှိလာသော အချုပ်သားတစ်ဦးတွင် ကိုဗစ်အတည်ပြုတွေ့ရှိခဲ့ရာမှ ကူးစက်မှုပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
 
လက်ရှိတွင် ကိုဗစ်ရောဂါတွေရှိခဲ့သည့် ရဲဝန်ထမ်းများနှင့် အချုပ်သားများကို သက်ဆိုင်ရာဆေးရုံများသို့ တင်ပို့ဆေးကုသပေးနေကြောင်းလည်း ၎င်းကပြောသည်။

ပိုးတွေ့ရဲဝန်ထမ်းများ၏ ဆက်စပ်မိသားစုဝင်များအား နေအိမ်တွင်သာနေထိုင်ရန်(Stay at Home) ကန့်သတ်ထားရှိသည်။

“အဲ့ကွာရန်တင်းလုပ်ထားတဲ့အချုပ်သားတွေ ပျဉ်းမနား အချုပ်မှာပေါ့လေ။၂၃ ဦးမှာ Positive တွေ့ပါတယ်။ နောက်တစ်ခါ အဲ့အချုပ်သားတွေထဲကပဲ တချို့တွေက အာမခံပေးပြီးတဲ့ ခုနှစ်ယောက်ကလည်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကွာရန်တင်းထားပါတယ်။အဲ့ ခုနှစ်ယောက်မှာလည်းပိုးတွေ့ပါတယ်။ ပိုးတွေ့တော့ သက်ဆိုင်ရာဆေးရုံတွေမှာ ခေါ်ပြီးတော့ ဆေးရုံတင်ကုသပေးနေပါတယ်” ဟု ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ကပြောသည်။

အချုပ်ခန်းအား အချုပ်သားအသစ်များ စနစ်တကျဆက်လက်ထားရှိနိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်းများ ကို လုပ်ဆောင်ပြီးဖြစ်ကြောင်းလည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
 
“ပျဉ်းမနားဆေးရုံက မြို့နယ် ကျန်းမာရေးဌာနကနေ ကျွန်တော်ကိုယ်တိုင်လည်း သွားပါတယ်။မနေ့က အချုပ်ခန်းတွေ ဆေးဖြန်းပြီးတော့ အချုပ်ခန်းကလည်း ဘယ်လိုလုပ်ထားသလဲဆိုရင် Social Distancing ပလပ်စတစ် လေးတွေကာပြီး တစ်ယောက်တစ်ယောက် အကန့်လေးတွေနဲ့ အဲလိုမျိုးလည်း လုပ်ထားပါ တယ်။နောက်ပိုင်းရောက်လာရင်လည်း တစ်ယောက်တစ်ယောက် ခြားပြီးထားလို့ ရအောင် အဲလိုလေး ပြင်ဆင်ထားပါ တယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် အောက်တိုဘာ ၁၉ရက်နေ့ ည၈နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ၂၈၀ဦးရှိပြီး  ဆေးရုံတက်လူနာ ၇၄ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၀၂ ဦးနှင့် သေဆုံးသူ လေးဦး အထိရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required