ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်မယ့် မန်ယူအသင်းမှာ မက်ဂွိုင်းရား မပါဝင်ဘဲ အသင်းခေါင်းဆောင်အဖြစ် ဖာနန်ဒက်စ် တာဝန်ယူမည်

ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်မယ့် မန်ယူအသင်းမှာ မက်ဂွိုင်းရား မပါဝင်ဘဲ အသင်းခေါင်းဆောင်အဖြစ် ဖာနန်ဒက်စ် တာဝန်ယူမည်
Photos: EPA & Man Utd

မက်ဂွိုင်းရားဟာ ပီအက်စ်ဂျီအသင်းနဲ့ အင်္ဂါနေ့ရဲ့ ချန်ပီယံလိဂ်အုပ်စု (H) အဝေးကွင်းအဖွင့်ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်နဲ့အတူ လိုက်ပါခဲ့ခြင်း မရှိဘဲ မန်နေဂျာ ဆိုးလ်ရှားက ဘရူနိုဖာနန်ဒက်စ်ဟာ ပြင်သစ်မြို့တော်မှာ ဧည်သည်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

"ကျနော်တို့ အနည်းငယ် ရင်းမြစ်လျော့ကျသွားတယ်ဆိုပေမယ့် လိုတာထက် ပိုပြီး ကစားသမားအလုံအလောက်ရှိပါတယ်။"လို့ ပီအက်စ်ဂျီနဲ့ ပွဲအတွက် မက်ဂွိုင်းရား၊ ဂရင်းဝုဒ်၊ အဲရစ်ဘိုင်လေ၊ လင်းဂတ်နဲ့ ကစားသမားသစ် ကာဗာနီတို့ မပါဝင်မယ့် ဆိုးလ်ရှားက ပြောပါတယ်။ 
  
"ဒီကစားသမားတွေ အသင်းနဲ့ အချိန်အကြာကြီး ဝေးကွာမနေဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ရက်သတ္တပတ်ကုန်အကြောင်းကို မစဉ်းစားသေးခင် အီဒင်ဆန်က ရက်အနည်းငယ်လောက်  ထပ်လေ့ကျင့်ခန်းဆင်းဖို့ လိုနေသေးတယ်။ ဟယ်ရီနဲ့ မာဆန်တို့လည်း မျှော်လင့်နိုင်သေးပေမယ့် သိပ်တော့ မသေချာသေးပါဘူး။"လို့ စနေနေ့မှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ဖို့အတွက် ကစားသမားတွေ ပြန်လာနိုင်မယ်လို့ မျှော်လင့်နေတဲ့ ယူနိုက်တက်မန်နေဂျာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က နယူးကယ်ဆယ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်က မက်ဂွိုင်းရား မပါဝင်နိုင်ခဲ့တဲ့အတွက် ကပ္ပတိန်လက်ပတ် ပေးအပ်ခံရခြင်းကို "ဂုဏ်ယူမှုတစ်ခု၊ အရေးကြီးတဲ့ အောင်မြင်မှုတစ်ခု"အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ 

ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ပြီးနောက် ယခုရာသီမှာ ပြန်လည်ယှဉ်ပြိုင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဆိုးလ်ရှားရဲ့အသင်းဟာ ၂၀၁၈-၁၉ ရာသီ ရှုံးထွက်အဆင့် ဒုတိယအကျော့ ပီအက်စ်ဂျီကွင်းမှာ နောက်ကျပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

နော်ဝေသားနည်းပြက "ဒါက ကျနော့်တို့အတွက် သမိုင်းပါ။ ဒါဟာ အတိတ်ကပါ။ ဒါ့ကြောင့် ကြီးကျယ်တဲ့ သမိုင်း၊ ကြီးကျယ်တဲ့ ပွဲဖြစ်တယ်။ ဒါပေမယ့် ဒါတွေဟာ အခုဒီပွဲစဉ်အပေါ် လုံးဝ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။" 

"ကျနော်တို့ဟာ ကွာပြားခြားနားတဲ့ အသင်းတစ်သင်း၊ သူတို့ဟာလည်း မတူညီကွဲပြားတဲ့ အသင်းတစ်သင်း၊ ပြိုင်ပွဲရဲ့ ခြားနားတဲ့ အဆင့်တစ်ခုဆိုတာ ကျနော်တို့ သိထားပါတယ်။ ဟုတ်ပါတယ်။ ပရိသတ်တွေ မပါတဲ့အတွက် ဒါက ကွဲပြားခြားနားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။" 

(AFP) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly