ဖမ်းဆီးခံ အမတ်လောင်းများနှင့် သုံ့ပန်း ဖလှယ်ရန် AA ကမ်းလှမ်းမှု NLD လက်မခံ

ဖမ်းဆီးခံ အမတ်လောင်းများနှင့် သုံ့ပန်း ဖလှယ်ရန် AA ကမ်းလှမ်းမှု NLD လက်မခံ

အောက်တိုဘာ ၂၀၊ ၂၀၂၀

ဖမ်းဆီးခံ အမတ်လောင်းများ လွတ်မြောက်ရေးအတွက် နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားမည်ဖြစ်ပြီး 'သုံ့ပန်း' ဖလှယ်မည်ဆိုသည့် AA ရခိုင်လက်နက်ကိုင် အဖွဲ့၏ ကမ်းလှမ်းချက်ကို လက်မခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

AA ရခိုင်တပ်ဖွဲ့က ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်အတွင်းမှ ဝင်ရောက်အရွေးခံကြမည့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးနှင့် အစိုးရကဖမ်းဆီးထားသော  ရခိုင့်အရေးလှုပ်ရှားသူများ လဲလှယ်မည်ဟု ပြောဆိုလာသည့်အပေါ် မေးမြန်းရာ ၎င်းက ယခုကဲ့သို့ တုံ့ပြန်ခြင်း ဖြစ်သည်။

“အခု ဖမ်းသွားတဲ့ လူတွေက သုံ့ပန်း မဟုတ်ဘူးလေ။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ဖို့အတွက် နှစ်ယောက်ဆိုလို့ရှိရင် ပြီးခဲ့တဲ့ ငါးနှစ်ကတည်းက လူထုက ရွေးချယ်တင်မြှောက်ထားတာ။ လူထုက တင်မြှောက်ခံဖို့  ငြိမ်းချမ်းစွာနဲ့ သူတို့မဲဆွယ်စည်းရုံးရေး ထွက်တာ ပဲ။ သူတို့မှာ လက်နက်လည်း မပါဘူး။ စစ်တိုက်တဲ့လူလည်း မဟုတ်ဘူး။ ဒါကြောင့် သူတို့ရဲ့သဘောထားကို လက်မခံဘူးလို့ ပြောရတာဖြစ်ပါတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။

အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာသို့ သွားရောက်သည့် NLD ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။  

ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ဒေါ်နီနီမေမြင့်မှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

ဖမ်းဆီးပြီး ခြောက်ရက်အကြာတွင် ၎င်းတို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်လာသည်။ ယင်းထုတ်ပြန်ချက်တွင် NLD ပါတီဝင်များသည် AA နှင့် သက်ဆိုင်သည့် သတင်းများကို တပ်မတော်ထံသို့ ပေးပို့ပြီး ရခိုင့် တော်လှန်ရေးကို နှောင့်ယှက်ကြောင်း စွပ်စွဲထားသည်။

အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေးသမားများ၊ အပြစ်မဲ့ ရခိုင်အရပ်သားများနှင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများအား လွှတ်ပေးမည်ဆိုလျှင် ၎င်းတို့ သုံးဦးအား အမြန်ဆုံး လွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

AA ထုတ်ပြန်ချက်တွင် စစ်သုံ့ပန်းဟု သုံးစွဲထားပြီး  “ယခင်ကာလများကပင် စစ်သုံ့ပန်းများအား လဲလှယ်ရန် မိမိတို့ ထုတ်ပြန်ကြေညာထားပြီး ဖြစ်သကဲ့သို့ စစ်သုံ့ပန်းများ အပြန်အလှန် လွှတ်ပေးရေးမူကို ယနေ့တိုင် ဆုပ်ကိုင်ထားဆဲဖြစ်သည်” ဟု ပါရှိသည်။  

ယခင်ကလည်း NLD ပါတီဝင်တချို့ကို AA က ဖမ်းဆီးမှုများရှိခဲ့ရာ ယင်းပါတီဝင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ ပြန်လွတ်မြောက်လာခဲ့သော်လည်း ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းမှာ ဖမ်းဆီးခံရစဉ် သေဆုံးခဲ့သည်။

မုံရွာအောင်ရှင်က “မဲဆွယ်စည်းရုံးရေး ဆင်းတဲ့အပေါ်မှာ ဘယ်သူ့ကိုမှလည်း အနှောင့်ယှက် ဖြစ်တာလည်း မဟုတ်ပါဘဲနဲ့၊ ဘယ်သူ့ကိုမှလည်း တိုက်ခိုက်တာ မဟုတ်ဘဲနဲ့ ဒီလို လက်နက်အားကိုးနဲ့ ဖမ်းဆီးသွားတာကိုတော့ ကျွန်တော်တို့ ရှုတ်ချတယ်” ဟု ပြောသည်။

NLD အစိုးရသည် တပ်မတော်၏ ရာဇဝတ်မှုများကို ဖုံးကွယ်ကာ ယင်းအဖွဲ့နှင့်အတူ တသားတည်း ရပ်တည်လျှက်ရှိကြောင်း၊ အစိုးရအနေဖြင့် စစ်ပွဲများကြောင့် နစ်နာခဲ့ရသည့် ပြည်သူတို့၏ ကိစ္စအဝဝကို အရေးတကြီး ဖြေရှင်းပေးရန် လိုအပ်သည်ကို သိစေလိုကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။  

တပ်မတော်ဘက်ကမူ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံရခြင်း ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required