နာဂေါ်နိုကာရာဘတ်ခ်ဒေသကို နိုင်ငံတကာအသိအမှတ်ပြုဖို့ ဒေသခံတွေက ကုလသမဂ္ဂရုံးရှေ့မှာတောင်းဆို 

နာဂေါ်နိုကာရာဘတ်ခ်ဒေသကို နိုင်ငံတကာအသိအမှတ်ပြုဖို့ ဒေသခံတွေက ကုလသမဂ္ဂရုံးရှေ့မှာတောင်းဆို 

အောက်တိုဘာ ၂၀ 

အငြင်းပွားဖွယ်ဒေသ နာဂေါ်နိုကာရာဘတ်ခ်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ အောက်တိုဘာ ၁၉ ရက်က အာမေးနီးယားမြို့တော် ယီရီဗန်က ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးပြီး ၎င်းတို့ရဲ့ ခွဲထွက်ဒေသကို နိုင်ငံတကာက အသိအမှတ် ပြုပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။  

ကာရာဘတ်ခ်ဒေနဲ့ပတ်သက်ပြီး သီတင်းပတ်သုံးပတ်ကျော်ကြာတိုက်ပွဲတွေ အဆုံးသတ်ဖို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား စနေနေ့ညလယ်က ထပ်မံသတ်မှတ်လိုက်တဲ့ အပစ်ရပ်သဘောတူညီချက်အသစ်ဟာလည်း တနင်္လာနေ့မှာပဲ ပျက်ပြယ်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် သဘောတူညီချက်ချိုးဖောက်သူတွေအဖြစ် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။  

အာမေးနီးယားကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒဖော်ထုတ်နေတဲ့ အသက် ၂၉ နှစ်အရွယ် မက်တာဆီရာဆိုသူက “ အာဆက် (နာဂေါ်နိုကာရာဘတ်ခ်) စစ်သားတွေရဲ့ အမျိုးသမီးတွေနဲ့ကလေးတွေက အာမေးနီးယားကုလသမဂ္ဂရုံးရှေ့မှာလာပြီး အာဆက်ဒေသငြိမ်းချမ်းရေးအတွက် အရေးတယူဆောင်ရွက်ပေးဖို့နဲ့ မျက်ကွယ်မပြုဖို့ လာရောက်တောင်းဆိုကြတာပါ” လို့ပြောပါတယ်။ 

မာရီဆိုသူ အမျိုးသမီးငယ်တစ်ဦးကလည်း “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဆက်ရီပတ်ဘလစ်( နာဂေါ်နိုကာရာဘတ်ခ်) ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုပေးစေချင်လို့ ကျွန်မတို့တွေ ဆန္ဒဖော်ထုတ်တာပါ” လို့ဆိုပါတယ်။ 

အန်ဂျလီနာဆိုသူကလည်း “ဒီဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ဒေသပြဿနာကို နိုင်ငံတကာက အာရုံစိုက်စေချင်လို့ပါ။ ကျွန်မတို့ရဲ့လွတ်လပ်ရေးနဲ့ အမှီအခိုကင်းလွတ်တဲ့အခွင့်အရေးကို အသိအမှတ်ပြုဖို့နဲ့ အာဆက်ရီပတ်ဘလစ်(နာဂေါ်နိုကာရာဘတ်ခ်) ကို အသိအမှတ်ပြုပေးကြဖို့ ကမ္ဘာ့အသိုက်အဝန်းကို တောင်းဆိုပါတယ်။ ဒီမှာဖြစ်နေတဲ့ စစ်ပွဲက နယ်မြေအတွက်မဟုတ်ပါဘူး။ ဘဝနဲ့အခွင့်အရေးအတွက်တိုက်တဲ့ စစ်ပွဲပါ” လို့ပြောပါတယ်။ 

အာမေးနီးယားတပ်ဖွဲ့တွေဟာအဇာဘိုင်ဂျန်က ဒေသလေးခုထဲကို လက်နက်ကြီးတွေနဲ့ ညပိုင်းက ပစ်ခတ်ခဲ့တယ်ဆိုပြီး အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။  

အဇာဘိုင်ဂျန်အမြောက်တပ်တွေက ညပိုင်းမှာ ဆက်ပြီးပစ်ခတ်နေလို့ ပြန်လည်တုံ့ပြန်တာဖြစ်တယ်လို့ ကာရာဘတ်ခ်အာဏာပိုင်တွေက ချေပပြောဆိုခဲ့ပါတယ်။ 

အာမေးနီးယားနဲ့အဇာဘိုင်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်ဖျန်ဖြေဆောင်ရွက်ပေးခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ကတော့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို လက်မခံနိုင်ဘူးလို့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ 

လေ့လာသုံးသပ်သူတွေရဲ့အဆိုအရ အဇာဘိုင်ဂျန်ဟာ ကာရာဘတ်ခ်ဒေသကို စစ်ရေးတစ်ခုတည်းနဲ့ ပြန်လည်ရယူနိုင်မှာမဟုတ်ကြောင်းနဲ့ နှစ်ဖက်စလုံးအပေါ် စေ့စပ်လို့မရတဲ့အနေအထားက သံတမန်ရေးဖြေရှင်းချက်ကို အခက်တွေ့စေတယ်လို့ ပြောပါတယ်။  

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အာမေးနီးယားနဲ့အဇာဘိုင်ဂျန်အနေနဲ့ အပစ်ရပ်သဘောတူညီချက်အသစ်ကို အပြည့်အဝလိုက်နာဖို့ တနင်္ဂနွေနေ့က တောင်းဆိုလိုက်တယ်လို့ ၎င်းရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

စက်တင်ဘာ ၂၇ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ကာရာဘတ်ခ်တိုက်ပွဲကြောင့် လူပေါင်း ၈၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ တရားဝင်ကိန်းဂဏန်းတွေအရသိရပေမယ့် အဇာဘိုင်ဂျန်ဘက်က စစ်ဘက်ဆိုင်ရာသေဆုံးသူအရေအတွက်ကို ထုတ်ဖော်မပြောဆိုတဲ့အတွက် အမှန်တကယ်သေဆုံးသူအရေအတွက်က ပိုမိုများပြားနိုင်ပါတယ်။  

တိုက်ပွဲတွေကြောင့် အာမေးနီးယားစစ်သား ၇၁၀ ဦးနဲ့ အရပ်သား ၃၆ ဦးသေဆုံးခဲ့တယ်လို့ အာမေးနီးယားဘက်က ထုတ်ပြန်ထားပြီး အဇာဘိုင်ဂျန်ဘက်က အရပ်သား ၆၀ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly