စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်သည့် ကျောင်းသားခေါင်းဆောင် ၄ ဦး အဖမ်းခံရ

စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်သည့် ကျောင်းသားခေါင်းဆောင် ၄ ဦး အဖမ်းခံရ
Photo - U Soe Naing

အောက်တိုဘာ ၁၉

စစ်တွေမြို့တွင် တပ်မတော်နှင့် အစိုးရကို တနင်္လာနေ့မွန်းလွဲပိုင်းက ဆန့်ကျင်ဆန္ဒပြသူ အနည်းဆုံး ကျောင်းသားခေါင်းဆောင် လေးဦးအဖမ်းခံခဲ့ရပြီး ဆန္ဒပြရာတွင်ပါဝင်သော အရပ်သားအချို့ပါ အဖမ်းခံထားရသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဖမ်းဆီးခံရသည့်အထဲတွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ ဘဏ္ဍာရေးမှူး ကိုဦးသန်းနိုင်၊ တက္ကသိုလ်များ - ရန်ကုန်(ရကသ)အဖွဲ့ဝင် ကိုကောင်းထွန်းနှင့် ကျောက်ဖြူပညာရေးကောလိပ် တွဲဖက်အ တွင်းရေးမှူး ကိုမြတ်စိုးဝင်တို့ပါဝင်သည်ဟု မဇ္ဈိမက အတည်ပြု၍ရသည်။

ရဲတပ်ဖွဲ့၏ဖမ်းဆီးမှုအတွင်း ကျောင်းသားများအပြင် တချို့သောဒေသခံများလည်း ဖမ်းဆီးခံရကြောင်း ပြောဆိုနေမှုများရှိနေသော်လည်း ပြည်နယ်အာဏာပိုင်များဘက်ကို ဆက်သွယ်၍ မရဘဲဖြစ်နေသည်။

နေ့လည် ၁ နာရီခွဲခန့်က စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းမှ စတင်ကာ စစ်တွေ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားခေါင်းများနှင့်အဖွဲ့ဝင်များအပါအဝင် စစ်တွေဒေသခံ ၅၀ ကျော်ခန့်မှ လမ်းမကြီးတလျှောက် ဆန္ဒပြခဲ့ကြသည်။

တပ်မတော်နှင့်ရခိုင့်တပ် AA တို့ တိုက်ပွဲများဖြစ်နေရာ အရပ်သားအသေအပျောက်နှင့် စစ်ဘေးရှောင်များတိုးလာနေသည့် ပြည်နယ်၏ မြို့တော်တွင် ကျောင်းသားများ၏ အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုတွင် နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုမှုများပါ ပါဝင်ခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်၍  ဆန္ဒပြမှုသည် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ရှိခဲ့သော်လည်း စစ်တွေတွင် ပထမဆုံးဖြစ်သည်။

အမျိုးသားရေးပြင်းထန်သူ ဆန္ဒပြသူအချို့က တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ကြောင်းနှင့် ပြည်ထောင်စုအစိုးရက ကိုလိုနီ လုပ်သည်ဟုပြောကြပြီး  ပြည်နယ်အတွင်းမှ ထွက်သွားရန် အော်ဟစ်ခဲ့ကြသည်။

စစ်တွေမြို့မရဲစခန်းအရှေ့အရောက်တွင် ရဲတပ်ဖွဲ့က ၎င်းဆန္ဒထုတ်ဖော်သည့်ေ ကျာင်းသားများနှင့်ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဒေသခံများကို တားဆီးမှုများပြု လုပ်ပြီး ဖမ်းဆီးခဲ့သည်။

"ရဲကလူအင်အားနဲ့ ဝင်ပြီးတော့ လုံးတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းလိုက်တယ်ပေါ့နော်။ ဖမ်းတဲ့နေရာမှာ ဒီတစ်ခေါက်တော့ တော်တော်ကြမ်းတယ်လို့ဆိုရမယ်။ ကျနော်မြင်လိုက်တာဆိုရင် ကိုဦးသန်းနိုင်လက်ကို နောက်ကနေလိမ်ဆွဲပြီးတော့ ကားပေါ်ကို အတင်းတင်လိုက်တယ်။ ဘေးနားမှာရှိနေတဲ့ လူတွေကိုလည်း ဆွဲခေါ်တာရှိတယ်။ ဘေးနားမှာရှိနေတဲ့ ရဟန်းတွေက ဝင်တားလို့သာ မဖမ်းလိုက်တာ။"ဟု စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

Photo - U Soe Naing

ရခိုင်ပြည်နယ်တွင် အရပ်သားများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား လုပ်ဆောင်နေသည့်အဖွဲ့အစည်းများရှိနေသည်ဟု ကျောင်းသားများက ပြောသည်။

" ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အဲဒီအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံစစ်တပ်သည် ရခိုင်ပြည်နယ်ကိုလာပြီးတော့ လူ့အခွင့်အရေးချိုးဖောက်နေတယ်။"ဟု ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ကျောင်းသားများကို ထိန်းသိမ်းထားသည့် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းရှေ့တွင် လမ်းပိတ်ထားကာ ရဲအင်အားအများအပြားဖြင့် လုံခြံရေးယူထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်ကစတင်၍ တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်နေခဲ့ရာ ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မြောက်ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အရှည်ကြာဆုံး စစ်မက်ပဋိပက္ခဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly