ယခုလွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ဆဲ ဥပဒေကြမ်းများအဆုံးသတ်နိုင်ရန် ဦးခင်အောင်မြင့်တိုက်တွန်း

ယခုလွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ဆဲ ဥပဒေကြမ်းများအဆုံးသတ်နိုင်ရန် ဦးခင်အောင်မြင့်တိုက်တွန်း
(ဓာတ်ပုံ-သက်ကို)

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၌ ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ယခုလွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ဆဲ ဥပဒေကြမ်းများကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန် နှင့် အရေးမကြီးသည့် မဆိုများ၊ မေးခွန်းများ ဆောင်ရွက်ခြင်း မပြုရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံလိုက်သည်။

လွှတ်တော် နောက်ဆုံးသက်တမ်းဖြစ်သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၆ရက်တွင် စတင်လိုက်ခြင်းဖြစ်ပြီး စတင်သည့်နေ့၌ပင် လွှတ်တော် ဥက္ကဋ္ဌက မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

လက်ရှိလွှတ်တော်သက်တမ်းအတွင်း အမျိုးသားလွှတ်တော်၌ ဆောင်ရွက်ရန် ဥပဒေကြမ်း ၃၃ခုရှိပြီး ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်းပြီး တင်သွင်း၊ ဆွေးနွေး၊ အတည်ပြုခြင်းကို ယခုလွှတ်တော် အတွင်း အပြီးဆောင်ရွက်ရန်လည်း ဦးခင်အောင်မြင့်က မေတ္တာရပ်ခံခဲ့သည်။

"ဒီဥပဒေကြမ်းတွေနဲ့ စပ်လျဉ်းပြီး လွှတ်တော်မှာ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း တို့ကို တတ်နိုင်သမျှ ပြီးပြတ်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များက အခြားသော မေးခွန်းများ၊အဆိုများ၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ခြင်း မပြုကြရန် ေ မတ္တာရပ်ခံပါတယ် “ဟု ဦးခင်အောင်မြင့်က ပြောသည်။

ယခုအစည်းအဝေးသည် နောက်ဆုံးအကြိမ်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေများကို အချိန်မှီပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် (၁၂)ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၄ခု၊ အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ဆောင်ရွက်ရန် ပေးပို့ထားသည့် ဥပဒေကြမ်း ၁ခု၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော ဥပဒေကြမ်း ၂ခု၊ အမျိုးသားလွှတ်တော်က ဆွေးနွေးပေးရန် ပြည်သူ့လွှတ်တော်မှ ပေးပို့ထားသည့် ဥပဒေကြမ်း ၁၆ခုရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly