လက်နက်ကြီးကျည် ထိမှန်၍ မူလွန်ပြဆရာ သေဆုံး

လက်နက်ကြီးကျည် ထိမှန်၍ မူလွန်ပြဆရာ သေဆုံး
ဓာတ်ပုံ- တနင်္လာနေ့နေ့လည်က လက်နက်ကြီးထိမှန်၍ သေဆုံးသွားသူ မူလွန်ကျောင်းဆရာ ကိုမျိုးဆက်နိုင်ဦး

အောက်တိုဘာ ၁၉ ၊ ၂၀၂၀

ယနေ့ တနင်္လာနေ့လည် ၂ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် အဆိုပါကျေးရွာနေ အသက် ၂၀ ဝန်းကျင် မူလွန်ဆရာ ကိုမျိုးဆက်နိုင်ဦးမှာ လက်နက်ကြီး ကျည် ထိမှန်၍ သေဆုံးသွားသည်ဟု ဒေသခံကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းဆရာမှာ ရွာသစ်ကေကျေးရွာတွင် အိမ်မှနွားများအား ကျောင်းနေစဉ်အတွင်း ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် လက်နက်ကြီးများ ကျရောက်ကာ ပေါက်ကွဲခဲ့သဖြင့် အဆိုပါပေါက်ကွဲမှုကြောင့် ဦးခေါင်းထဲ ကျည်ထိမှန်၍ ဘယ်ဘက်မျက်လုံး ပွင့်ထွက်သွားခဲ့သည်။

အဆိုပါ ဒဏ်ရာကြောင့်ရသေ့တောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံသို့ပို့ရန် ညွှန်ကြားခဲ့သဖြင့် ရသေ့တောင်ဆိပ်ကမ်းမှ အမြန်ရေယာဉ်ငယ်ဖြင့် ပို့ဆောင်ခဲ့သည်။ ထို့သို့‌ပို့ဆောင်စဉ် ရသေ့တောင်မြို့နှင့် နှစ်မိုင်ကျော်အကွာ ငါးနားမျှားကျေးရွာအရောက် ၂ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

ကျောင်းဆရာလေးမှာ ယခုနှစ်မှ ရသေ့တောင်မြို့နယ်၊ စံဘော်မူလွန်ကျောင်းတွင် တာဝန်စကျခဲ့သူ ဖြစ်သည်။ သူ့တွင် အဖေ၊ အမေနှင့် နဝမတန်းတက်နေသော ညီမလေးတစ်ဦး ကျန်ခဲ့သည်။

မိသားစုမှာ အခြေခံလက်လုပ်လက်စားများသာဖြစ်ကြောင်း သူ၏ဆရာတစ်ဦးက ဆိုသည်။ ၎င်းအား ယနေ့ ၄ နာရီကျော်၌ ရသေ့တောင်တွင် သင်္ဂြိုလ် မြှုပ်နှံ့လိုက်သည်ဟု ဆိုသည်။

ယနေ့ ရသေ့တောင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ကျောင်းဆရာလေး မျိုးဆက်နိုင်ဦးထိမှန်သော လက်နက်ကြီးမှာ ရသေ့တောင်မြို့နယ်တွင် ဒေသခံတပ်ရင်းမှ ပုံမှန်ပစ်နေသော လက်နက်ကြီးကျည်ဟု ‌ရသေ့တောင် ဒေသခံ တစ်ဦးက ဆိုသည်။

လက်ရှိ ရသေ့တောင်တွင် စစ်ဘေးရှောင်အရေအတွက် ၂၀၀၀၀ ကျော်ထိ ရှိနေပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly