ဆီးရီးယား၏ ကိုယ်ပိုင်နိုင်ငံရေးအပြောင်းအလဲ အိုဘားမားနှင့် ပူတင် သဘောတူ

ဆီးရီးယား၏ ကိုယ်ပိုင်နိုင်ငံရေးအပြောင်းအလဲ အိုဘားမားနှင့် ပူတင် သဘောတူ

တီဟီရန်၊ နိုဝင်ဘာ-၁၆ ။               ။ ပါရီအကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ဆီးရီးယားတွင် ပထမအဆင့် ငြိမ်းချမ်းရေးကို ဦးစွာတည်ဆောက်ရန် တူရကီတွင် ကျင်းပခဲ့သည့် စက်မှုထိပ်သီး ဂျီ-၂၀ညီလာခံတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်တို့ သဘောတူခဲ့ကြသည်ဟု ဆိုသည်။

အနည်းဆုံး လူ၁၂၉ဦး သေဆုံးခဲ့ရပြီး ၃၅၂ယောက် ဒဏ်ရာရရှိသွားခဲ့သည့် ပြင်သစ်မြို့တော် အတွင်းနှင့် အနီးတဝိုက်တွင် ဗုံးခွဲသမားများနှင့် သေနတ်သမားများက အချင်းချင်း ချိတ်ဆက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ရက်အကြာ တနင်္ဂနွေနေ့တွင် တူရကီ ဂျီ-၂၀အစည်းအဝေး၏ ဘေးပန်းအနေဖြင့် အိုဘားမားနှင့် ပူတင်တို့ နာရီဝက်ခန့်ကြာအောင် စားပွဲဝိုင်းထိုင် ဆွေးနွေးခဲ့ကြသည်။

 ‘စကားဝိုင်းက ၃၅မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး ဆီးရီးယား ပဋိပက္ခကို ဖြေရှင်းဖို့ လက်ရှိကြိုးစားအားထုတ်မှုတွေနဲ့ ထိတ်လန့်သွေးပျက်စရာ ပါရီအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အခြေအနေရဲ့ အရေးကြီးလာပုံတွေအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြတယ်’ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိုဘားမားနှင့် ပူတင်တို့နှစ်ဦးမှာ ကုလဆွေးနွေးပွဲများ၊ အပစ်အခတ်ရပ်စဲရေးနှင့် အာရပ်နိုင်ငံတွင် ဆီးရီးယားခေါင်းဆောင်သည့် ဆီးရီးယားကိုယ်ပိုင် နိုင်ငံရေးအသွင်ပြောင်းမှု လိုအပ်သည်ကိုလည်း သေဘာတူခဲ့ကြသည်ဟု အဆိုပါ အိမ်ဖြူတော်အရာရှိက ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက်တွင် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်၏ အစိုးရနှင့် အနောက်ကျောထောက်နောက်ခံပြု အတိုက်အခံအုပ်စုများကြား ဆွေးနွေးပွဲများကို ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးရေးကိုလည်း အိုဘားမားနှင့် ပူတင်တို့ သဘောတူခဲ့ကြသည်ဟု ဆိုသည်။

သို့ရာတွင် တစ်ချိန်တည်းမှာပင် ဆီးရီးယားနှင့် အီရတ်တွင် လှုပ်ရှားနေကြသည့် အိုင်အက်စ်အုပ်စုကို မည်သို့ တိုက်ဖျက်မည်ဆိုသည့်အချက်အပေါ်တွင် ရုရှနှင့် အမေရိကန်ပြည်ထောင်စုတို့ သဘောထား ကွဲလွဲနေဆဲဖြစ်သည်ဟု ထိပ်တန်းကရင်မလင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly