ဒစ်ဂျစ်တယ် Tool မှတစ်ဆင့် နိုင်ငံရေးပါတီများ၏ ကတိကဝတ်များကို နှိုင်းယှဉ် လေ့လာနိုင်

ဒစ်ဂျစ်တယ် Tool မှတစ်ဆင့် နိုင်ငံရေးပါတီများ၏ ကတိကဝတ်များကို နှိုင်းယှဉ် လေ့လာနိုင်

 အောက်တိုဘာ ၁၉၊ ၂၀၂၀

၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ကတိကဝတ်များကို မဲဆန္ဒရှင်များ နှိုင်းယှဉ် လေ့လာနိုင်သည့် ဒစ်ဂျစ်တယ် tool အသစ်တစ်ခုကို လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) က စတင်မိတ်ဆက်လိုက်သည်။

မြန်မာနိုင်ငံတွင် အဓိကကျပြီး လူစိတ်ဝင်စားမှုများသည့် နိုင်ငံရေးပါတီများ၏ အထွေထွေ လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် ရယူဖြန်ဝေနိုင်ခွင့်၊ အမုန်းစကားနှင့် ဒစ်ဂျစ်တယ် အခွင့်အရေး စသည့် ကတိကဝတ်များကို ထို tool တွင် လေ့လာနိုင်ကြောင်း သိရသည်။  

ကတိကဝတ်များ နှိုင်းယှဉ်သည့် tool တွင် အဓိကပါတီ ၂၁ ပါတီကို ဖော်ပြထားသည်။ ယင်း tool ကို ဤလိပ်စာ (http://freeexpressionmyanmar.org/manifestos/ ) တွင် ကြည့်ရှုနိုင်သည်။  

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးပါတီတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ကတိကဝတ်တွေအကြောင်း ပြည့်စုံတဲ့၊ အချက်အလက် တိုက်ဆိုင်စစ်ဆေးထားတဲ့၊ ကတိကဝတ်တွေကို နှိုင်းယှဉ်ပြပေးထားတဲ့ သတင်းအချက်အလက်တွေ၊ ဒါမှမဟုတ်ရင်လည်း လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး ကတိကဝတ်ပြုထားခြင်း မရှိတဲ့ သတင်းအချက်အလက်တွေကို မဲဆန္ဒရှင်ပြည်သူတွေထံ ပေးပို့ဖို့ပါပဲ။ ဒါမှ မဲဆန္ဒရှင်တွေက ဒီလို အရေးကြီးလှတဲ့ ရွေးကောက်ပွဲမှာ အချက်အလက် သေချာသိပြီး ပြည့်ပြည့်ဝဝ ဆုံးဖြတ်ချက်ကို ချနိုင်မှာဖြစ်တယ်” ဟု FEM ၏ ဒါရိုက်တာ ဒေါ်ယဉ်ရတနာသိန်းက အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများက ယခင်ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးအောင်မြင်ခဲ့ခြင်း ရှိ၊ မရှိ မဲဆန္ဒရှင်များ သိရှိနိုင်ရန် ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သော နိုင်ငံရေးပါတီများ​၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း ကတိကဝတ်များကိုလည်း tool တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly