အစိုးရအနေနဲ့ ဘုရင်စနစ်ကို ကာကွယ်ဖို့ လိုတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော 

အစိုးရအနေနဲ့ ဘုရင်စနစ်ကို ကာကွယ်ဖို့ လိုတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော 

လက်ရှိအချိန်မှာ ကြီးထွားလာနေတဲ့ ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ အောက်တိုဘာ ၁၉ ရက်မှာ မီဒီယာနဲ့ တွေ့ဆုံခဲ့ပြီး ၎င်းတို့ အစိုးရအနေနဲ့ ဘုရင်စနစ်ကို ကာကွယ်ပေးဖို့ လိုတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

ဒါ့အပြင် ၎င်းဦးဆောင်တဲ့ အစိုးရအနေနဲ့ အင်အားအလွန်အကျွံ အသုံးပြုတာကို ရှောင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားအားထုတ်နေတယ်လို့လည်း ပရာယွတ်က ပြောပါတယ်။ 

ဒီ့မတိုင်မီ သုံးရက်အကြာတုန်းက ၎င်းရဲ့ အစိုးရ နုတ်ထွက်ရေး တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဓာတုဆေးရည်ပါ မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲခဲ့ပါသေးတယ်။ 

“အစိုးရဘက်က လုပ်ဖို့ လိုတာက ဘုရင်စနစ်ကို ကာကွယ်ဖို့ပါ၊ ဒါကတော့ ထိုင်းနိုင်ငံသားတိုင်း လုပ်ရမယ့် တာဝန်ဖြစ်တယ်၊ ခင်ဗျားတို့တွေကိုလည်း အရမ်းကို နည်းပါးတဲ့ ကိစ္စရပ်တွေကိုပဲ လုပ်ကြဖို့ တောင်းဆိုပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ 

“ ကျွန်တော်တို့အနေနဲ့ကတော့ အင်အား အသုံးပြုတာမျိုး ရှောင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်၊ ဒါပေမယ့် အဲဒီလို အသုံးပြုရတဲ့ အခြေအနေမျိုးဆီ ရောက်စေမယ့် လုပ်ရပ်မျိုးတွေကို ပံ့ပိုးတာမျိုး မလုပ်ကြဖို့ ခင်ဗျားတို့ကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ လည်း ၎င်းက ပြောပါတယ်။ 

“အပေးအယူ ညှိနှိုင်းမှု လုပ်ဖို့ အစိုးရဘက်က အကောင်းဆုံး ကြိုးစားနေတာကို ခင်ဗျားတို့ တွေ့နိုင်ပါတယ်၊ ကျွန်တော်တို့ဘက်က တော်တော်လေးကို နည်းပါးတဲ့ အရာတွေကိုပဲ တောင်းဆိုနေတာပါ၊ မှားယွင်းတဲ့ ကိစ္စတွေ မလုပ်ကြဖို့၊ အစိုးရ ပစ္စည်းဥစ္စာ ဒါမှမဟုတ် ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို ထိခိုက်ပျက်စီးအောင် မလုပ်ကြဖို့ တောင်းဆိုနေတာပါ၊ ပြီးတော့ အရေးအကြီးဆုံးက ဆန္ဒပြသူအုပ်စုထဲမှာ သူတို့ဘာသာ ပဋိပက္ခ မဖြစ်အောင် ရှောင်ဖို့ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။ 

“ပါလီမန် ပြန်ဖွင့်ဖို့ကို ကျွန်တော် ထောက်ခံပါတယ်၊ ဒါမှလည်း လူတိုင်းအနေနဲ့ ဒီကိစ္စ (ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ ကိစ္စ) နဲ့ပတ်သက်လို့ အတူတကွ စဉ်းစားချင့်ချိန်နိုင်မှာဖြစ်တယ်၊ ဒါ့အပြင် ကိစ္စနဲ့ပတ်သက်လို့ ဆွေး နွေးရာမှာ လူတွေကိုလည်း အချက်အလက်တွေ အသုံးပြုလို့ ရစေနိုင်မယ်။ ဒါက သီးသန့်ဘက်တစ်ဘက်တည်းကို နားထောင်ပေးတာထက် ပိုကောင်းပါတယ်၊ ဒါမှလည်း ကျွန်တော်တို့ဟာ သဘောကွဲလွဲမှု ပဋိပက္ခကို တတ်နိုင်သလောက် အကောင်းဆုံး လျှော့ချနိုင်မှာဖြစ်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly