ရာသီဥတုဖောက်ပြန်မှုမှာ ဆီးရီးယားပြည်တွင်းစစ်၏ အကြောင်းရင်းတစ်ရပ်ဟုဆို

ရာသီဥတုဖောက်ပြန်မှုမှာ ဆီးရီးယားပြည်တွင်းစစ်၏ အကြောင်းရင်းတစ်ရပ်ဟုဆို

ဝါရှင်တန်၊ နိုဝင်ဘာ-၁၆ ။                    ။ ဆီးရီးယားပြည်တွင်းစစ်တွင် လူပေါင်း ၂၅၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်မှသည် အိုင်အက်စ်ကြမ်းဖက်သမားများအထိ ရာဇဝင်လူဆိုးကြီးများကို တစ်ကမ္ဘာလုံးက သိကြသည်။

သို့ရာတွင် သွေးမြေကျမှုများတွင် ရာသီဥတုဖောက်ပြန်မှုကလည်း တစ်ထောင့်တစ်နေရာက ထည့်ဝင်နေသည်ဆိုလျှင် သင်ယုံကြည်ပါမည်လား။

ဤသည်ပင် စီအင်အင်စာဖတ်သူ ဖလော်ရီဒါ၊ ပက်တက္ကသိုလ်မျ ရောဘတ် ဂိုးရှမစ်က ကွန်ရက်၏ ရာသီဥတုဖော်ပြန်မှုအကြောင်း Two Dergres စီးရီး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မေးမြန်းခဲ့သော မေးခွန်းပင်ဖြစ်သည်။

စံချိန်တင် မိုးခေါင်မှုများက အကျပ်အတည်းများကို ဖြစ်ပွားစခေဲ့သလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ဤအမြင်ကို ထောက်ခံသည့် အထင်ကရပုဂ္ဂိုလ်များအနက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

‘ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် မဖြစ်ပွားမီကလေးမှာ ခေတ်အဆက်ဆက် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို တွေ့ကြုံခံစားခဲ့ရတာ တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။

လူပေါင်း ၁သန်းခွဲလောက်ဟာ ဆီးရီးယားလယ်ယာတွေကနေ မြို့ပြတွေဆီကို ရွှေ့ပြောင်းလာကြတော့ ဒေသတွင်းမှာ ဆူပွက်စပြုနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ ပိုက်နက်ရှိုင်းသွားတယ်’ဟု ကယ်ရီက ဗာဂျီးနီးယား၊ နော့ဖော့ရှိ Old Dominion University တွင် ပြေားကြားသည့် မိန့်ခွန်းတွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။  

မိုးခေါင်ရေရှားမှုမှာ ဆီးရီးယားစစ်ပွဲ ဖြစ်ပွားရသည့် တစ်ခုတည်းသော အကြောင်းရင်းမဟုတ်သော်လည်း လူမှုရေးမတည်ငြိမ်မှုကိုမူ ပိုမိုနက်ရှိုင်း သည်းသန်သွားစေခဲ့သည်။

အလုပ်လက်မဲ့ များပြားလာပြီး၊ အငတ်ဘေးလည်း ပိုမိုဆိုးရွားလာကာ ရေလည်းရှားပါးလာသောကြောင့် လယ်သမားများမှာ နေရပ်ကို စွန့်ခွာကာ မြို့ကြီးများသို့ စုပြုံတိုးဝှေကလာခဲ့ကြရာ ထိုနေရာတွင် အကြမ်းဖက်မှု စတင်လာခဲ့ခြင်းပင်ဖြစ်သည်။

ဤအဆိုကို ထောက်ခံနေသည့် သိပ္ပံနည်းကျ အထောက်အထားတစ်ခုလည်း ရှိနေပါသည်။ Weather, Climate and Society ဂျာနယ်တွင် ပုံနှိပ်ဖော်ပြလာသည့် ၂၀၁၄ခုနှစ်က သုတေသနတစ်ရပ်တွင် ရေနှင့် ရာသီဥတုအခြေအနေများမှာ ဆီးရီးယား စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီးမှုတွင် တိုက်ရိုက်ကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ရာသီဥတုကျွမ်းကျင်သူ ပီတာ ဂလိုက်က်က ရေးသားခဲ့သည်။

ထို့အပြင် ဒေသတွင်း ခေတ်အဆက်ဆက် အဆိုးရွားဆုံးဖြစ်သည့် မိုးခေါင်ရေရှားမှုကို ရာသီဥတုဖောက်ပြန်မှုက ပိုမိုဆိုးရွားသွားစေခဲ့သည်ဟူသည့် အယူအဆကို ယခုနှစ်တွင် ထုတ်ဝေခဲ့သည့် နောက်ထပ် သုတေသနတစ်ရပ်တွင် ပိုမိုခိုင်မာအားကောင်းသွားစေပြန်ပါသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဆန်တာ ဘာဘရာနှင့် ကိုလံဘီယာတက္ကသိုလ်တို့မှ သုတေသီများက စစ်ပွဲဆီသို့ အဆင်းဘီးတပ်ပေးခဲ့သည့် နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှုမှာ လူလုပ်ကမ္ဘာကြီးပူနွေးလာမှုကြောင့် ၂ဆမှ ၃ဆအထိ ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ကြသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများအဖွဲ့၏ နောက်ဆုံးအစီရင်ခံစာအရ အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်လုံးမှာ ပိုပူပြင်း၊ ပိုခြောက်သွေ့လာမည်ဟု ခန့်မှန်းရရာ ဆီးရီးယားတွင်  ဖြစ်ခဲ့သလို   နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှုများမှာ ဖြစ်နိုင်ခြေများလာသည်ဟု ဆိုသည်။

ဆီးရီးယားတွင် အကြမ်းဖက်မှုများ မဖြစ်ပွားမီ နှစ်များစွားအလို ၂၀၀၆ခုနှစ်တွင် မိုးခေါင်ရေရှားမှု စတင်ဖြစ်ပွားလာခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ဂျုံအထွက်နှုန်းမှာ ထက်ဝက်နှင့် သုံးပုံနှစ်ပုံအထိ ကျဆင်းသွားခဲ့ရာ လူ ၈၀၀၀၀၀ခန့်မှာ အခြေခံရက္ခာအထောက်အပံ့ ပြတ်လပ်သွားခဲ့သည်။

အာဆတ်အစိုးရကို ပုန်ကန်ထကြွမှုဖြင့် အကြမ်းဖက်မှု ပေါက်ကွဲဖြစ်ပွားလာသည့် ၂၀၁၁ခုနှစ်တွင်မူ အခြေအနေများမှာ ဆိုးရွားလာခဲ့ပြီး ဆီးရီးယားပြည်သူ ၁သန်းကျော်မှာ စားနပ်ရိက္ခာ မဖူမလုံ ဖြစ်လာခဲ့ကြသည်။

နိုင်ငံရေးတင်းမာမှုများ မြင့်မားလာမှုနှင့်အတူ ကျေးလတ် စိုက်ပျိုးမြေပေါ်တွင် မျှော်လင့်ချက်မထားနိုင်တော့သည့် ပြည်သူ ၁သန်းခွဲခန့်မှာ အလက်ပို၊ ဒမတ်စကတ်နှင့် ဟွမ်လို မြို့ကြီးများသို့ ရွှေ့ပြောင်းအခြေချလာခဲ့ကြရာမှ ထိုနေရာများတွင် အစုလိုက်အပြုံလိုက်သေဆုံးမှုများ ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly