မြောက်ကိုရီးယား၏ တရားစီရင်မှုစနစ်က လူကို တိရစ္ဆာန်လောက်ပင် တန်ဖိုးထားခြင်းမရှိဟု HRW ဝေဖန်

မြောက်ကိုရီးယား၏ တရားစီရင်မှုစနစ်က လူကို တိရစ္ဆာန်လောက်ပင် တန်ဖိုးထားခြင်းမရှိဟု HRW ဝေဖန်

အောက်တိုဘာ ၁၉

ညှဉ်းပန်းနှိပ်စက်မှု၊ အရှက်တကွဲ အကျိုးနည်းဖြစ်စေမှုနှင့် အတင်းအကျပ် ဝန်ခံခိုင်းမှုများသည် မြောက်ကိုရီးယား၏ တရားရုံး အမှုစစ်ဆေးမှု မတိုင်မီ ထိန်းသိမ်းရေး စနစ်အတွင်း ထူပြောနေပြီး လူကို “တိရစ္ဆာန် တစ်ကောင် လောက်ပင် တန်ဖိုးမထား”သည့် စနစ်တစ်ခု ဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက အောက်တိုဘာ ၁၉ ရက် အစီရင်ခံစာတစ်ခုထဲတွင် ပြောထားသည်။

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့သည် ဒါဇင်နှင့်ချီသော မြောက်ကိုရီးယား ထိန်းသိမ်းခံခဲ့ရဖူးသူများ၊ အမှုထမ်းဟောင်းများနှင့် တွေ့ဆုံခဲ့သည့် အင်တာဗျူးများအပေါ် အခြေ တည်ပြီး ယင်းနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းနေရာများရှိ လူမဆန်သော အခြေအနေများကို မီးမောင်းထိုးပြသခဲ့သည်။  

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားတွင် လူ့အခွင့်အရေး ဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုများ ပျံ့နှံ့ ဖြစ်ပေါ်ထားခဲ့သည်ဟု ကုလသမဂ္ဂနှင့် အခြားဝေဖန်သူများက စွပ်စွဲထားသည်။ ထို့ပြင် ယင်းနိုင်ငံသည် တံခါးပိတ် နိုင်ငံတစ်ခုဖြစ်ပြီး ယင်း၏ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်နှင့်ပတ်သက်၍ အနည်းအကျဉ်းမျှသာ သိရှိထားသည်။

တုတ်ချောင်းတစ်ချောင်းဖြင့် ရိုက်ခြင်း သို့မဟုတ် ကန်ကျောက်ခြင်း အပါအဝင် ထိန်းသိမ်းခံထားရသူများအပေါ် နှိပ်စက်မှုများသည် တရားရုံး အမှု စစ်ဆေးမှု မတိုင်မီ ထိန်းသိမ်းရေးကာလ ကနဦး အဆင့်များတွင် အထူးပင် ပြင်းပြင်းထန်ထန် ရှိလှသည်ဟု အင်တာဗျူး ဖြေဆိုသူများက ပြောသည်။

“ရိုက်နှက်မှုတွေ မရှိသင့်ဘူးလို့တော့ စည်းမျဉ်းတွေမှာ ပြောထားပါတယ်၊ ဒါပေမယ့် စစ်ဆေးမှုကာလအတွင်း နဲ့ ကနဦး စုံစမ်းစစ်ဆေးမှု အစောပိုင်းအဆင့်တွေမှာ ကျွန်တော်တို့ဟာ ဝန်ခံချက်တွေ ရဖို့ လိုပါတယ်” ဟု ရဲတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးက ပြောသည်။

“ဒီတော့ ခင်ဗျားအနေနဲ့ ဝန်ခံချက်တစ်ခု ရဖို့ သူတို့တွေကို ရိုက်နှက်ရပါလိမ့်မယ်”

ထိန်းသိမ်းခံခဲ့ရဖူးသူများ၏ အဆိုအရ ၎င်းတို့ကို ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် သို့မဟုတ် တင်ပျင်ခွေထိုင်လျက် တစ်နေ့လျင် အများဆုံး ၁၆ နာရီကြာအထိ ငြိမ်ငြိမ် ထိုင်ခိုင်းထားခဲ့ကြောင်း၊ ရိပ်ခနဲ လှုပ်ရှားမှုတစ်ခု ရှိလျင်တောင်မှ အပြစ်ပေးခံရကြောင်း ပြောဆိုကြသည်။

အပြစ်ပေးမှုများတွင် လက်၊ တုတ်ချောင်း၊ သားရေခါးပတ်တို့ဖြင့် ရိုက်နှက်ခြင်းကနေစ၍ ဝင်းတစ်ခုအတွင်း အကြိမ် ၁,၀၀၀ ကျော် ပတ်ပြေးခိုင်းခြင်းတို့အထိ ရှိခဲ့ကြောင်း သိရသည်။

“တကယ်လို့များ အကျဉ်းခန်းထဲမှာ ကျွန်တော်ဖြစ်ဖြစ် ဒါမှမဟုတ် အခြားသူတစ်ယောက်ယောက်ဖြစ်ဖြစ် နေရာရွှေ့မိတယ်ဆိုရင် အစောင့်တွေက ကျွန်တော် ဒါမှမဟုတ် အကျဉ်းခန်းထဲမှာ အခြားအကျဉ်းသားအားလုံးကို လက်တွေ သံတိုင်တွေဆီ ဆန့်ထားဖို့ အမိန့်ပေးပြီး သူတို့က ဘွတ်ဖိနပ်တွေနဲ့ ကျွန်တော်တို့ကို ထပ်တလဲလဲ နင်းကန်ပါလိမ့်မယ်” ဟု ထိန်းသိမ်းခံခဲ့ရဖူးတစ်ဦးဖြစ်ခဲ့သည့် ပါ့ခ် ဂျီချိုးလ်က ပြောသည်။

အခြားထိန်းသိမ်းခံရသူတစ်ဦးဖြစ်ခဲ့သည့် ယွန်းယန်ချိုးလ်ကလည်း “အဲဒီမှာက ခင်ဗျားကို တိရစ္ဆာန်တစ်ကောင်လောက်တောင် တန်ဖိုးမထားဘဲ ဆက်ဆံပါလိမ့်မယ်၊ ဒါက ခင်ဗျား တွေ့ကြုံရမယ့် အရာဖြစ်တယ်” ဟု ပြော သည်။

အလားတူ အဆိုပါထိန်းသိမ်းရေး စခန်းနေရာများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ရှိသည်ဟု အမျိုးသမီး အင်တာဗျူးဖြေဆိုသူတချို့က ပြောသည်။

၂၀၁၅ ခုနှစ်တွင် မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့သည့် အသက် ၅၀ အရွယ် ကုန်သည်ဟောင်းတစ်ဦးဖြစ်သည့် ကင်ဆန်ယောင်းက သူမကို ထိန်းသိမ်းရေးစင်တာတစ်ခုတွင် စစ်ဆေးမေးမြန်းသူက အဓမ္မကျင့်ခဲ့သည်ဟု ပြောသည်။

အခြား ရဲတစ်ဦးကလည်း သူမကို စစ်မေးစဉ်အတွင်း သူမ၏ အဝတ်အောက်ကို ထိကိုင်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သေးကြောင်း၊ သူမအနေဖြင့် ခုခံနိုင်စွမ်း မရှိခဲ့ကြောင်း ကင်က ပြောခဲ့သည်။

ထိန်းသိမ်းရေးနေရာများတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် ရက်စက်သော၊ လူမဆန်သော၊ အရှက်ရစေသော ဆက်ဆံမှုကို အဆုံးသတ်စေရေး HRW ၏ ယခုအစီရင်ခံစာတွင် ပြုံယမ်းကို တိုက်တွန်းတောင်းဆိုထားသည်။ ထို့ပြင် တောင်ကိုရီးယား၊ အမေရိကန်နှင့် အခြား ကုလအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြောက်ကိုရီးယားအစိုးရကို ဖိအားပေးရန် HRW က တိုက်တွန်းခဲ့သည်။

လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် နိုင်ငံကို အုပ်ချုပ်နေသည့် ၎င်း၏မိသားစု၏ တတိယမြောက် မျိုးဆက်ဖြစ်ပြီး ယင်းနိုင်ငံတွင် အစိုးရ၏ စောင့်ကြပ်ကြည့်ရှုမှုက ကျယ်ကျယ်ပြန့်ပြန့် ရှိပြီး အမြင် သဘောထားကွဲမှုကိုလည်း သည်းခံခြင်း မရှိပေ။

ထို့ပြင် ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုကနေစ၍ အကျဉ်းစခန်းများ ဖွင့်လှစ်ထားမှု အထိ စနစ်တကျရှိသော၊ ကျယ်ပြန့်သော၊ ရုန့်ရင်းကြမ်းတမ်းသော လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဟု ကုလသမဂ္ဂက ယင်း နိုင်ငံကို စွပ်စွဲထားသည်။

ပြုံယမ်းအနေဖြင့်ကမူ ယင်းအနေဖြင့် စစ်မှန်သော လူ့အခွင့်အရေးကို ကာကွယ်ပြီး အားပေးပါကြောင်းနှင့် ကမ္ဘာ့ကျန်နေရာများအတွက် လူ့အခွင့်အရေးစံနှုန်းများ ကြိုးစားသတ်မှတ်ရန် အနောက်အုပ်စုအတွက် ကျိုးကြောင်း ပြချက် မရှိကြောင်း ပြောသည်။

ထို့ပြင် လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာဝေဖန်မှုကို မြောက်ကိုရီးယားက ဝေဖန်ပြစ်တင်သွားခဲ့ပြီး အဆိုပါ နိုင်ငံတကာဝေဖန်မှုသည် ယင်းနိုင်ငံ၏ အလေးထားရာ ဆိုရှယ်လစ်စနစ်ကို အောက်ခြေမှ လှိုက်စားစေရေး ရည်ရွယ် သည့် ကမ်ပိန်းတစ်ခုဖြစ်ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly