ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း သန်း ၄၀ ကျော်အထိ ရှိလာ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း သန်း ၄၀ ကျော်အထိ ရှိလာ

အောက်တိုဘာ ၁၉

မြောက်ကမ္ဘာခြမ်းတွင် ဆောင်းဝင်စပြု၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ ပြန်လည်ဖြစ်ပွားပေါ်ပေါက်လာရာ တနင်္လာနေ့အထိ ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေသည် သန်း ၄၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ရိုက်တာ၏ စာရင်းကောက်ယူချက်အရ သိရသည်။

နိုင်ငံအသီးသီးက တရားဝင်ထုတ်ပြန်ချက်များပေါ်တွင် အခြေခံထားပြီး ရိုက်တာက စာရင်းကောက်ယူထားခြင်း ဖြစ်သည်။ ပညာရှင်များကမူ တချို့သော နိုင်ငံများတွင် စမ်းသပ်မှု ကွဲပြားခြင်းနှင့် သတင်းမသိရှိခြင်းတို့ ကြောင့် အမှန် ကူးစက်မှုနှင့် သေဆုံးမှုနှုန်းသည် ထိုထက်ပို၍ မြင့်မားဖွယ်ရှိသည်ဟု ယူဆထားသည်။

ရိုက်တာ၏ အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှုန်းမှာ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။ တစ်ကမ္ဘာလုံး ကူးစက်မှုနှုန်းသည် ရက်ပေါင်း ၃၂ ရက်အတွင်း သန်း ၃၀ မှ သန်း ၄၀ အထိ ရောက် ရှိခဲ့ခြင်း ဖြစ်ပြီး နှိုင်းယှဉ်မည်ဆိုလျှင် ယခင် ရက်ပေါင်း ၃၈ ရက်အတွင်း ကူးစက်မှုနှုန်း သန်း ၂၀ မှ သန်း ၃၀၊ ရက်ပေါင်း ၄၄ ရက်အတွင်း ဆယ်သန်းမှ သန်း ၂၀နှင့် ဇန်နဝါရီ အစောပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှစကာ ကူးစက်သူ ဆယ်သန်းအထိ ရှိလာခဲ့သည်မှာ သုံးလကြာမှဖြစ်ကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ကူးစက်မှုသစ် စံချိန်တင်အဖြစ် ကမ္ဘာတစ်ဝန်း ပထမဆုံးအဖြစ် တစ်ရက်တည်း၌ ကူးစက်သူပေါင်း လေးသိန်းနီးပါး ရှိခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်၌ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူပေါင်း ၃၄၇၀၀၀ ဦး ကူးစက်ရာ အောက်တိုဘာ ပထမအပတ်က တစ်ရက် ၂၉၂၀၀၀ ကူးစက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။  

အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့သည်  ကမ္ဘာတွင် အဆိုးဆုံး ကူးစက်သည့်နိုင်ငံများအဖြစ် ရှိနေကာ အမေရိကန် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ကူးစက်မှုနှုန်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာအား ဖြင့် ၄၇ ဒသမ ၂၇ ရာခိုင်နှုန်း သို့မဟုတ် ထက်ဝက်နီးပါး ရှိနေခြင်း ဖြစ်သည်။

အမေရိကန်တွင် လူ တစ်သောင်းလျှင် ကူးစက်သူ ၂၄၇ ဦးနှုန်း ရှိနေပြီး အိန္ဒိယနိုင်ငံက ၅၅ ဦးနှင့် ဘရာဇီးသည် ၂၄၈ ဦးနှုန်း ရှိသည်။

အီတလီ၊ နယ်သာလန်၊ ဂျာမနီ၊ ဩစတြီးယား၊ ပိုလန်၊ ယူကရိန်းနှင့် ချက်နိုင်ငံတို့အပါအဝင် ဥရောပ၌လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်ရက်လျှင် တစ်သိန်းခွဲကျော် ရှိသည်။

ဥရောပသည် လက်ရှိ၌ တစ်ကမ္ဘာလုံး ကူးစက်နှုန်း၏ ၁၇ ရာခိုင်နှုန်း ရှိကာ ယင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှားသေဆုံးနှုန်း၏ ၂၂ ရာခိုင်နှုန်း နီးပါး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required