မြန်မာတွင် ကိုဗစ် တိုက်ဖျက်ရေး ကူညီရန် နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် အကူအညီပေးရေး ဝန်ထမ်းများ ရောက်ရှိ

မြန်မာတွင် ကိုဗစ် တိုက်ဖျက်ရေး ကူညီရန် နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် အကူအညီပေးရေး ဝန်ထမ်းများ ရောက်ရှိ

အောက်ဆိုဘာ ၁၉၊ ၂၀၂၀

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေး အကူအညီပေးနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၊ အထောက်အပံ့ပေးရေး ဝန်ထမ်းများ၊ စုစုပေါင်း ၄၀ ကျော် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အပတ်စဉ် လေယာဉ် ခရီးစဉ် ၂၄ ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့သို့ လာရောက်ရာတွင် လိုက်ပါလာခြင်း ဖြစ်ကြောင်း United Nations Myanmar က သတင်းထုတ်ပြန်ထားသည်။

လေယာဉ်နှင့်အတူ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝယ်ယူထားသည့် တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများကိုလည်း သယ်ဆောင်လာကြောင်း သိရသည်။  

 “ပြီးခဲ့တဲ့ မေလအစပိုင်း ကျွန်တော်တို့ WFP ရဲ့ အပတ်စဉ် လေယာဉ်တွေကို မြန်မာနိုင်ငံအတွက် စပြီးပြေးဆွဲခဲ့တုန်းက အခုအချိန်ထိ ခြောက်လကြာတိုင်အောင် ဝန်ဆောင်မှု ပေးရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မထားမိခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်ရော ကမ္ဘာအရပ်ရပ်မှာပါ နိုင်ငံတကာ စီးပွားဖြစ် လေကြောင်းခရီးစဉ်တွေ ပြန်ပြီး မလည်ပတ်နိုင်ခင်သေးချိန် အထိ အခုလို ဝန်ဆောင်မှုကို ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့ WFP အနေနဲ့ ဆက်ကြိုးစားသွားမှာပါ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတက်ဖင် အန်ဒါဆန်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ထောက်ပံ့ငွေ ယူရိုတစ်သန်း ထပ်မံပံ့ပိုးလိုက်ကြောင်းလည်း WFP က သတင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly