တိုုက်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို ပြင်သစ် တိုက်ခိုက်

တိုုက်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို ပြင်သစ် တိုက်ခိုက်

ပါရီ၊ နိုဝင်ဘာ-၁၆ ။               ။ နှစ်ရက်အလွန်က ပါရီမြို့တော်တခွင်တွင် လူပေါင်း ၁၂၉ဦး သေဆုံးခဲ့ရသည့် တွဲဆက်အကြမ်းဖက်တိုက်ခိုက်မှုများ၏ လက်သည်တရားခံဖြစ်သည့် အိုင်အက်စ် အကြမ်းဖက် အုပ်စုကို အပြင်းထန်ဆုံး တိုက်ခိုက်မှုအဖြစ် ပြင်သစ်က ဆီးရီးယားမြို့တစ်မြို့ဖြစ်သည့် ရက်ကာကို နိုင်ဝင်ဘာ ၁၅ရက်နေ့ညက ဗုံးကြဲခဲ့သည်။

ပါရီတွင် လူအမြောက်အများ သတ်ဖြတ်ခံရပြီးနောက် အိုင်အက်စ် အရိုင်းအစိုင်းများကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည့် ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လွန်းက စနေနေ့က ၎င်း၏ နိုင်ငံတော်လုံခြုံရေးအဖွဲ့နှင့် အစည်းအဝေးတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ပြင်သစ်မှာ အီရတ်တွင် အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်နေသည်ဆိုသော်လည်း ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်၏ ရန်သူများကို အမှုမဲ့အမှတ်မဲ့ သတ်ဖြတ်မိပြီး အာဆတ်ကို ပိုမိုအင်အားကြီးထွားအောင် လုပ်သလိုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဆီးရီးယားနိုင်ငံအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းကိုမူ သတိကြီးကြီးထား၍ ရံဖန်ရံခါမှသာ ပြုလုပ်လေ့ရှိခဲ့သည်။

သို့ရာတွင် အေကေ-၄၇ရိုင်ဖယ်များ၊ အသေခံဗုံးခွဲပစ္စည်းများနှင့် စစ်သွေးကြွများက ပါရီ သောကြာည၏ ငြိမ်းချမ်းသော ပွဲတော်များကို တိတ်ဆိတ်သွားအောင် ဖျက်စီးခဲ့ပြီး စားသောက်ဆိုင် များနှင့် ဖျော်ဖြေရေးခန်းမများတွင် အရပ်သား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက်တွင်မူ အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ၎င်း၏ ထိန်းချုပ်ထားသော နယ်မြေပြင်ပတွင် တိုက်ခိုက်မှု များ ပြုလုပ်နိုင်သည့်စွမ်းရည်ကို နှိပ်ကွက်ရန် အခိုင်အမာ သန္နိဌာန်ချထားကြောင်း ပြင်သစ်က ပြတ်ပြတ်သားသား ပြောဆိုလာခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်ခုတွင် ပြောကြားချက်အရ အမေရိကန်တပ်ဖွဲ့များနှင့် ပူးပေါင်းဆင်နွှဲသည့် လေကြောင်းစီးနင်းတိုက်ခိုက်မှုတွင် ဂျက်တိုက်လေယာဉ် ၁၀ဆင်းအပါအဝင် ပြင်သစ်လေယာဉ် ၁၂စင်း ဦးဆောင်ပါဝင်ခဲ့ကာ အစွန်းရောက်အုပ်စုက မြို့တော်အဖြစ်ကြေညာထားသည့် ရက်ကာရှိ အိုင်အက်စ်ပစ်မှတ် ၂ခုကို ဖျက်စီးပစ်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြင်သစ်စစ်တပ်၏ တုန့်ပြန်မှုကြောင့် သောကြာနေ့ည ပါရီတစ်ခွင် တိုက်ခိုက်မှုများအပြီး နောက်တစ်ရက်တွင်လည်း စိုးရိမ်သောက ပွားစရာဖြစ်ခဲ့သည်။  အာဏာပိုင်များက လွတ်နေသည်ဟု ယူဆရသည့် သံသယရှိသူ ၈ယောက်ကို တောနင်းရှာဖွေနေပြီး တိုက်ခိုက်သူများမှာ ၎င်းတို့ အသုံးပြုခဲ့သည့် လက်နက်များ၊ ပေါက်ကွဲပစ္စည်းများနှင့် ကိုင်တွယ်ပစ်ခတ်နည်းများကို မည်သို့ ရရှိခဲ့ကိုလည်း ဆက်စပ်ပုံဖော်လျှက်ရှိသည်ဟု ဆိုသည်။

သမ္မတအိုဘာားမားနှင့် သမ္မတ ဗလာဒီမီယာ ပူတင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များမှာ တူရကီ ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြပြီး အိုင်အက်စ်များကို မည်သို့တုန့်ပြန်မည်၊ ဆီးရီးယားပြည်တွင်းစစ်နှင့် ဥရောပသို့ အလုံးအရင်းနှင့် ဝင်လာနေသည့် ရွှေ့ပြောင်းအခြေချပြဿနာများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။  

ပါရီမှာမူ တစ်နေ့လုံး ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး၊ ညနေခင်းစောစောအချိန်တွင် မခိုင်မာသည့် သေနတ်ပစ်ခတ်မှု သတင်းများ ပေါ်ထွက်လာရာ မြို့လယ်ခေါင်ရှိ Place de la Republique တွင် ပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

သတင်းများအရ တိုက်ခိုက်မှုများတွင် အနည်းဆုံးပြင်သစ်နိုင်ငံသား ၄ဦး ပါဝင်ပတ်သက်နေပြီး ပါရီမြို့ အနောက်တောင်ဘက် မိုင်၆၀အကွာ ချာထရက်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြသည့် ညီအစ်ကိုသုံးယောက်နှင့် အမျိုးသားတစ်ယောက်ဖြစ်သောကြောင့် ပြင်သစ်လူ့အဖွဲ့အစည်းအတွင်း မွတ်စလင် ရွှေ့ပြောင်းအခြေချများနှင့် ဘာသာပြောင်းများ၏ နေရာနှင့် ပတ်သက်သည့် ကာလကြာ စွဲမြဲလာခဲ့သည့် အကြောက်တရားကို ပိုမိုဆိုးရွားသွားစေခဲ့သည်ဟု ဆိုသည်။

ယခုနောက်ဆုံး အကြမ်းဖက်မှု မတိုင်မီကတည်းကပင် ပြင်သစ်နိုင်ငံမှာ ဆယ်လခန့်က ဟာသသတင်းစာ ရှာလီ ဟက်ဘဒိုကို တိုက်ခိုက်မှု၊ ဂျူးကုန်စုံဆိုင်တစ်ဆိုင်ကို တိုက်ခိုက်မှုနှင့် ရဲအရာရှိတစ်ယောက်ကို ပစ်ခတ်မှုများဖြင့် ခဲမှန်ဖူးသောစာသူငယ်လို့ ထိတ်လန့်နေခဲ့ရသည်ဟု ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly