ပါကစ္စတန် အတိုက်အခံ မဟာမိတ်များက အစိုးရကို ဆန့်ကျင်ပြီး လူထုစုရုံးမှုကြီး ဆင်နွှဲ 

ပါကစ္စတန် အတိုက်အခံ မဟာမိတ်များက အစိုးရကို ဆန့်ကျင်ပြီး လူထုစုရုံးမှုကြီး ဆင်နွှဲ 

အောက်တိုဘာ ၁၈ ၊ ၂၀၂၀

ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်း အစိုးရကို ဆန့်ကျင်ကြတော့မှာ ဖြစ်တဲ့ ပထမဆုံး လူစုရုံးမှုကို အတိုက်အခံပါတီတွေက ဦးဆောင်ဆင်နွှဲကြပါတယ်။ အရှေ့ပိုင်း လာဟိုးမြို့အနီး ဂူဂျီရန်ဝါလာအရပ်က အားကစားရုံမှာ ပါတီခေါင်းဆောင်တွေရဲ့ မိန့်ခွန်းကို ထောက်ခံသူ ထောင်ပေါင်းများစွာက လာရောက် နားထောင်ကြပါတယ်။ 

ဝန်ကြီးချုပ် အီမရန်ခန်းကို ဖယ်ထုတ်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အတိုက်အခံပါတီ ၁၁ ပါ ပါကစ္စတန်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ဟာ ရွေးကောက်ပွဲသစ်တွေ ကျင်းပပေးဖို့ တွန်းအားပေးနေကြပါတယ်။ အဲဒီ မဟာမိတ်အုပ်စုဟာ နိုင်ငံရေးမှာ စစ်တပ် ဝင်ရောက်စွက်ဖက်နေတာ အဆုံးသတ်ဖို့ကိုလည်း တောင်းဆိုကြပါတယ်။ 

တက်ရောက်လာတဲ့ ပရိသတ်တွေကို မိန့်ခွန်းပြောကြရာမှာ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ နာဝတ်ဇ်ရှာရစ်ကလည်း အွန်လိုင်းဗီဒီယိုကတစ်ဆင့် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ 

“ဝန်ကြီးချုပ် ခန်း၊ ခင်ဗျားအနေနဲ့ ကျွန်တော်တို့အားလုံး ဘက်တစ်ဖက်တည်းမှာ ရှိနေတယ်လို့ ထင်မြင်နိုင်ပါတယ်။ အခုကစလို့ အီမရန်ခန်းအတွက် စိုးရိမ်စရာအချိန်ကာလတွေ ရောက်လာပါပြီ။ ဘုရားသခင် ကောင်းချီးပေးပါစေ၊ ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု စတင်ပြီဖြစ်တာကြောင့် မြားကို လေးမှာ အသင့် မောင်းတင်ချိန်ရွယ်ထားလိုက်ပြီလည်း ဖြစ်တယ်။”ဆိုပြီး ပါကစ္စတန်ပြည်သူ့ပါတီ ခေါင်းဆောင် ဘတ်တိုဇာရာဒရီက ပြောပါတယ်။ 

ပါကစ္စတန် မွတ်စလင်အသင်း အကြီးအကဲ အမျိုးသမီးဖြစ်သူ မာရီယန်းနာဝတ်ဇ်ရှာရစ်ကတော့ “အစိုးရဆိုတာ ကျွန်မတို့၊ ရှင်တို့ရဲ့ မဲတွေနဲ့ပဲ ဖွဲ့စည်းရမှာ ဖြစ်တယ်။ ရှင်တို့ရဲ့ မဲတွေက အစိုးရကို ဖယ်ရှားပစ်နိုင်တယ်။ ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်ခွင့် ဘယ်သူဆီမှာမှ ရှိမနေရဘူး။ ရှင်တို့ ပြည်သူတွေကပဲ ဒီ တရားမျှတမှုကို ဆောင်ကြဉ်းနိုင်လိမ့်မယ်။ တစ်ဦးတစ်ယောက်ဟာ ရွေးကောက်ခံဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်တဲ့ အာဏာကို သုံးနေပြီဆိုရင် ရှင်တို့ ပြည်သူတွေအနေနဲ့ ဒီ အာဏာလုပ်ပိုင်ခွင့်ကို ပြန်ရယူရမှာ ဖြစ်တယ်။”ဆိုပြီး ပြောပါတယ်။ 

အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ်ရှာရတ်က “လက်တစ်လုံးခြားလုပ်ပြီး ပြည်သူ့ဆန္ဒမပါဝင်ဘဲ စည်းမျဉ်းချိုးဖောက်တဲ့ အကျိုးအမြတ် ဖော်ဆောင်မှုတွေအတွက် ဘယ်သူ တာဝန်ရှိလဲ။ ဂျာနယ်လစ်တွေကို ပြန်ပေးဆွဲတာ၊ ရိုက်နှက်တာတွေအတွက် ဘယ်သူမှာ တာဝန်ရှိလဲ။ အီမရန်ခန်းရဲ့ အုပ်ချုပ်မှုအောက်မှာ ဒီ တိုင်းပြည် ပျက်စီးနေတာအတွက် ဘယ်သူ တာဝန်ခံမလဲ။ ဗိုလ်ချုပ်ကြီး ဂျာဗက်ဘတ်ဂျွာခင်ဗျား၊ ဒီလိုဖြစ်နေတာတွေက ခင်ဗျားပေးတဲ့ လက်ဆောင်တွေပါပဲ။”လို့ ပြောပါတယ်။ 

“ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို လိုလားနှစ်သက်သူတွေအနေနဲ့ ကျွန်မတို့နဲ့ လက်တွဲကြပါ။ ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံဥပဒေက ပေးအပ်ထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုနဲ့ ဥပဒေဘောင်အတွင်းက အလေ့ အထတွေ ဖြစ်ထွန်းရေးကို ကျွန်မတို့ လိုအပ်နေတယ်ဆိုတာ ပါကစ္စတန်နိုင်ငံသားတိုင်းရဲ့ စိတ်ထဲ ရှိနေတာကို မြင်သိကြားသိနိုင်ပါတယ်။”လို့ အလုပ်သမားပါတီဝင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆာရာအက်ဖ်ဇယ်တာရာက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly