အေးခဲ အစားအစာကုန်ထုပ်ပစ္စည်းများတွင် COVID-19 ကူးစက်နိုင်သည့် အန္တရာယ်ကို တရုတ် လေ့လာတွေ့ရှိ 

အေးခဲ အစားအစာကုန်ထုပ်ပစ္စည်းများတွင် COVID-19 ကူးစက်နိုင်သည့် အန္တရာယ်ကို တရုတ် လေ့လာတွေ့ရှိ 

အောက်တိုဘာ ၁၈ 

အသက်ရှင်လျက် ရှိသော ကိုရိုနာဗိုင်းရပ်စ် ကပ်ငြိတွယ်နေသည့် အေးခဲ အစားအစာ ထုပ်ပိုးပစ္စည်းများနှင့် ထိတွေ့ခြင်းက ရောဂါကူးစက်မှုကို ဖြစ်စေနိုင်သည်ဟု တရုတ် ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။ 

ချင်းဒေါင်မြို့၌ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော ကူးစက်မှုဖြစ်စဉ်တစ်ခုတွင် ဗိုင်းရပ်စ်ကို ဇစ်မြစ်ခြေရာကောက်ရန် အားထုတ်မှုများအတွင်း တရုတ် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) သည် အေးခဲပင်လယ်ငါး ထုတ်ပိုးပစ္စည်း၏အပြင်ဘက်ပေါ်တွင် အသက်ရှင်နေသော ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိပြီး သီးခြားခွဲ လေ့လာခဲ့ချိန် အထက်ပါသုံးသပ်ချက် ထွက်ရှိလာခြင်းဖြစ်ကြောင်း အေဂျင်စီက ယင်း၏ ဝက်ဘ်ဆိုဒ်တွင် ပြောထားသည်။ 

ကမ္ဘာ့ ပထမဆုံး ဖြစ်သည့် ယင်းလေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ကို အေးခဲကုန်ပစ္စည်းများကနေတဆင့် ရှည်လျားသည့် အကွာအဝေးများကို ကျော်ဖြတ်၍ သယ်ဆောင်နိုင်ရန် ဖြစ်နိုင်ခြေ ရှိသည်ကို ပြသနေကြောင်း ယင်းက ပြောသည်။ 

စက်တင်ဘာလတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်မှုများအဖြစ် ကနဦး ဖော်ထုတ်သိရှိထားခဲ့သည့် ချင်းဒေါင်မြို့ ဆိပ်ကမ်းလုပ်သားနှစ်ဦးသည် ပိုးသတ်မှုနှင့် ကာကွယ်မှုပိုင်း အားနည်းမှုကြောင့် ကွာရန်တင်းကာလအတွင်း ရင်ခေါင်းအတွင်းအင်္ဂါအထူးကုဆေးရုံတစ်ခုသို့ ဗိုင်းရပ်စ် သယ်လာခဲ့ပြီးနောက် ယင်းဆေးရုံနှင့် ဆက်နွယ်သည့် အခြားကူးစက်သူ ၁၂ ဦးကိုပါ ထပ်မံပေါ်ပေါက်စေခဲ့ကြောင်း အာဏာပိုင်တို့က ပြီးခဲ့သည့်အပတ်တွင် ပြော သည်။ 

သို့သော် CDC ၏ ယခုနောက်ဆုံး ထုတ်ပြန်ချက်တွင် ချင်းဒေါင်ရှိ အလုပ်သမားနှစ်ဦးသည် ထုပ်ပိုးပစ္စည်းများကနေ တိုက်ရိုက် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ခိုင်လုံသည့် အထောက်အထားသက်သေ ပြသခဲ့ခြင်း မရှိပေ။ ယင်းအစား ၎င်းတို့သည် ဗိုင်းရပ်စ်ကို အခြားနေရာ တစ်နေရာကနေ ကူးစက်ခံလာရပြီး ယင်းနောက် ၎င်းတို့ ကိုင်တွယ်သော အစားအစာ ထုပ်ပိုးကုန်ကို ကပ်ငြိ ညစ်ညမ်းစေခဲ့ကြောင်း ဟောင်ကောင် တက္ကသိုလ်မှ ရောဂါပိုးမွှားဗေဒဆိုင်ရာ ပါမောက္ခ ဂျင်ဒေါင်ယန်က ပြောသည်။ 

စားသုံးသူတစ်ဦး အေးခဲ အစားအစာများနှင့် ထိတွေ့မိရာကနေ ဗိုင်းရပ်စ် ကူးစက်ခံရသည့် မည်သည့် ဖြစ်စဉ်ကိုမှ မတွေ့ရကြောင်းနှင့် ယင်းကဲ့သို့ဖြစ်ပျက်နိုင်သည့် အန္တရာယ်မှာ အလွန် နည်းပါးနေဆဲဖြစ်ကြောင်း CDC က ပြောသည်။ 

မည်သို့ပင် ဆိုစေကာမူ အေးခဲ အစားအစာများကို ကိုင်တွယ်၊ ထုပ်ပိုးစီမံ၊ ရောင်းချသည့် အလုပ်သမားများအနေဖြင့် ညစ်ညမ်းမှုများ ဖြစ်နိုင်ဖွယ် ရှိသည့် ထုတ်ကုန်များကို အသားအရေနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်သည်ဟု ယင်းက အကြံပေးခဲ့သည်။ 

ဝန်ထမ်းများအနေဖြင့်လည်း ရောဂါပိုးမွှားများဖြင့် ညစ်ညမ်းနေနိုင်ဖွယ် ရှိသည့် အလုပ်ဝတ်စုံများကို မချွတ်ခင် လက်ကို သေချာမဆေးရသေးဘဲ နှာခေါင်း သို့မဟုတ် ပါးစပ်ကို မထိကိုင်သင့်သလို စစ်ဆေးမှုများ ပုံမှန် လုပ်သင့်ကြောင်း အေဂျင်စီက ပြောသည်။ 

CDC ၏ နောက်ဆုံးတွေ့ရှိချက်များမတိုင်မီ အေးခဲ အစားအစာ သို့မဟုတ် အေးခဲထုပ်ပိုးပစ္စည်းများကနေ ယူထားတဲ့ နမူနာတချို့တွင် ဗိုင်းရပ်စ်၏ မျိုးဗီဇ သဲလွန်စများကို ရှာဖွေတွေ့ရှိထားခဲ့သည်။ သို့သော် ဗိုင်းရပ်စ် ပမာဏက နည်းပါးနေပြီး သက်ရှိ ဗိုင်းရပ်စ်ကို သီးခြားခွဲထုတ်ရခြင်း မရှိခဲ့ဟု အေဂျင်စီက ပြောသည်။ 

အသက်ရှင်လျက် ရှိသော ဗိုင်းရပ်စ်ကသာလျင် လူကို ကူးစက်စေနိုင်ပြီး ဗိုင်းရပ်စ်အသေ ပါဝင်နေသော နမူနာများကလည်း ဗိုင်းရပ်စ် သဲလွန်စများအတွက် ဗိုင်းရပ်စ် ရှိသည်ကို ပြသနိုင်ကြောင်း ဂျင်က ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly