ကိုဗစ်ပိုးတွေ့ မြန်မာနိုင်ငံသား ၃ ဦး တိုးလာပြီးနောက် မဲဆောက်-မြဝတီ နယ်စပ်ကို ပိတ်ထား 

ကိုဗစ်ပိုးတွေ့ မြန်မာနိုင်ငံသား ၃ ဦး တိုးလာပြီးနောက် မဲဆောက်-မြဝတီ နယ်စပ်ကို ပိတ်ထား 
ဓာတ်ပုံ - သူရ/မဇ္ဈိမ

အောက်တိုဘာ ၁၈၊ ၂၀၂၀ 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား သုံးဦး ကိုဗစ်ရောဂါ ကူးစက်ကြောင်း ထပ်မံ တွေ့ရှိရပြီးနောက် မဲဆောက်-မြဝတီနယ်စပ်ကို အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ ပိတ်ထားလိုက်ကြောင်း သိရသည်။  

မဲဆောက်ဘက်အခြမ်းရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်ရော မြဝတီဘက်ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်ပါ ပိတ်ထားလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ 

မဲဆောက် နယ်စပ်မြို့တွင် ကိုဗစ်ဂေါရာ စစ်ဆေးပေးစဉ် မြန်မာနိုင်ငံသား သုံးဦး၌ ကိုဗစ်ပိုး ထပ်တွေ့ရှိရခြင်းကြောင်း တင်းကျပ်မှု လုပ်ငန်းများအနက် နယ်စပ်ကို ပိတ်ချလိုက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဖုန်ဂရတ် ဖီရွမ်ရတ်က ဘန်ကောက်ပို့စ်သို့ ပြောသည်။ 

ကိုဗစ်ရောဂါပိုး တွေ့ရှိရသူများမှာ ပြီးခဲ့သည့် သီတင်းပတ်က ကိုဗစ်အတည်ပြုလူနာ မြန်မာဇနီးမောင်နှံတို့၏ သမီး၊ တူနှင့် တူမတို့ ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ 

မဲဆောက်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် မြန်မာအမျိုးသမီးနှင့် အသက် ၆၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူတို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့က ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါ လက္ခဏာ ပြသခြင်း မရှိကြောင်း ကိုဗစ်-၁၉ ရောဂါ အခြေအနေ ထိန်းချုပ်ရေးစင်တာ (CCSA) က ပြောသည်။ 

ယခု ကိုဗစ်ပိုးတွေ့သည့် သမီး၊ တူနှင့် တူမတို့သည် ထိုမြန်မာဇနီးမောင်နှံ ကိုဗစ်ရောဂါပိုး အဖြေမထွက်ခင် အနီးကပ် ထိတွေ့ခဲ့သည့် မိသားစုဝင်နှင့် ဆွေမျိုး ငါးဦးအနက် သုံးဦး ဖြစ်ကြောင်းလည်း မစ္စတာ ဖုန်ဂရတ်က ပြောသည်။  

မြန်မာသုံးဦးတွင် ထပ်မံကူးစက်ကြောင်း တွေ့ရှိရပြီးနောက် ထိတွေ့ခဲ့သည့် အခြား လူကိုးဦးကိုလည်း ကွာရန်တင်း ထားရှိထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံသား ဇနီးမောင်နှံ၊ သမီး၊ တူနှင့် တူမတို့ ကိုဗစ်ကူးစက်မှုနှင့် ပတ်သက်၍ ပိုးတွေ့လူနာများ ထိစပ်ခဲ့သည့် သွန်ထောင်နှင့် မဒီနာဗလီ ဧရိယာများကို ဒေသန္တရ အာဏာပိုင်များက အသွားအလာ ကန့်သတ်ထားသည်။  

အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်နေ့တို့က မြန်မာ ကုန်တင်ယာဉ်မောင်းနှစ်ဦးနှင့် မြန်မာ အလုပ်သမား တစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ပြီးနောက် မဲဆောက်တွင် နေထိုင်သူများကို ဆက်လက် စစ်ဆေးရာ မြန်မာဇနီးမောင်နှံတွင် လက္ခဏာမပြဘဲ ကိုဗစ်ပိုး ရှိနေကြောင်း တွေ့ရှိရခြင်း ဖြစ်သည်ဟု တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ယင်းဇနီးမောင်နှံသည် ရနောင်းမြို့မှ ပြန်လာသော သားဖြစ်သူ သို့မဟုတ် ထိုင်း-မြန်မာ နယ်စပ်တွင် ဈေးရောင်းသည့် ဆွေမျိုးများထံမှ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။   

၎င်းတို့ သွားခဲ့သည့် ဈေးများနှင့် ဗလီအပါအဝင် သွားရောက်ခဲ့သည့်နေရာများနှင့် ထိစပ်ခဲ့သူများကိုလည်း စုံစမ်းစစ်ဆေးရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ဒေါက်တာ အိုပတ်စ်က ပြောသည်။ 

ဆက်စပ်မှု ရှိသော်လည်း ကူးစက်နိုင်ခြေနည်းသည့် လူ ၅၅ ဦးကိုမူ ကွာရန်တင်း မဝင်ခိုင်းသော်လည်း အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဗလီတက်ခဲ့သည့် လူ ၆၁ ဦးကိုလည်း ကိုဗစ်ရောဂါ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကူးစက်သူ မတွေ့ရကြောင်းလည်း ဒေါက်တာ အိုပတ်စ်က ဆိုသည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly