အမတ်တွေ သစ္စာရှိရှိ အလုပ်ဆက်လုပ်ဖို့ ဦးရွှေမန်း သတိပေး

အမတ်တွေ သစ္စာရှိရှိ အလုပ်ဆက်လုပ်ဖို့ ဦးရွှေမန်း သတိပေး
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော် နယက သူရဦးရွှေမန်းအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ။          ။ လက်ရှိ လွှတ်တော်အမတ်များအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သော်လည်း ကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း စေတနာပါပါ၊ သစ္စာရှိရှိဖြင့် အလုပ်လုပ်ကြရန် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ရှုံးနိမ့်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သတိပေးပြောဆိုလိုက်သည်။
 
“ကျွန်တော်အပါအဝင် ကိုယ်စားလှယ်(အမတ်)အချို့ဟာ ရွေးကောက်ပွဲမှာ မဲရှုံးလို့ ဒုတိယအကြိမ် လွှတ်တော်အတွင်း ပြန်လာစရာ အကြောင်းမရှိသော်လည်း လက်ရှိကာလ လွှတ်တော်သက်တမ်း အတွင်းမှာ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်များကို သစ္စာရှိရှိ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် လုပ်ဆောင်သွားကြရအောင်” ဟု နိုဝင်ဘာ ၁၆ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောသည်။
 
လက်ရှိ လွှတ်တော်သက်တမ်းသည် လာမည့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၃၀ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အချိန်ကာလအားဖြင့် နှစ်လခန့်သာ လိုတော့သည်။
 
ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ဖြူးမြို့နယ်မှ ရွေးကောက်ပွဲဝင်ပြိုင်သည့် သူရဦးရွှေမန်းမှာ NLDအမတ်လောင်း ဦးသန်းညွှန့်ကို ရှုံးနိမ့်ခဲ့သလို ကြံ့ခိုင်ရေးပါတီမှ လက်ရှိ လွှတ်တော်အမတ် အများစုမှာ ရွေးကောက်ပွဲတွင် အတိုက်အခံ NLDပါတီကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
 
နောက်လွှတ်တော်သက်တမ်းတွင် အရည်အချင်း၊ အရည်အသွေး ပိုကောင်းလာရန် လက်ရှိ လွှတ်တော်အမတ်များအနေဖြင့် လမ်းခင်းပေးကြရမည်ဖြစ်ပြီး “ဆောင်ရွက်စရာ ကိစ္စများကို စေတနာပါပါ၊ သစ္စာရှိရှိ တာဝန်ကျေကျေ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက အမတ်များကို ပြောသည်။
 
ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဂုဏ်သိက္ခာ၊ အစိုးရနှင့် တိုင်ပြည်၏ ဂုဏ်သိက္ခာတို့ကို မြင့်မားစေသည်ဟုလည်း သူရဦးရွှေမန်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly