အပူပိုင်းတိမ်တိုက်များ ဖြတ်သန်းချိန်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ဟုဆို

အပူပိုင်းတိမ်တိုက်များ ဖြတ်သန်းချိန်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ဟုဆို
ဓာတ်ပုံ - မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

အောက်တိုဘာ ၁၇

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံဘက်မှ ရွေ့လျားလာမည့် အပူပိုင်းတိမ်တိုက်များမှာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများပေါ်သို့ ဖြတ်ကျော်နိုင်ခြေရှိပြီး အဆိုပါ တိမ်တိုက်များဖြတ်ကျော်ချိန်တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ပြောသည်။

“အရှေ့ဘက်ကနေပြီးတော့ ခွဲထွက်လာတဲ့ တိမ်တိုက်တွေ အပူပိုင်းတိမ်တိုက်တွေ ဖြတ်သန်းနိုင်တဲ့ အနေအထားမျိုးနဲ့ နေရာကွက်မိုးကြီးတဲ့အနေအထားမျိုးရှိနိုင်တယ်။ အနောက်က တိမ်တိုက်ကြီးက လောလောဆယ်တော့ ကမ္ဘောဒီးယားနဲ့ ထိုင်းဘက်ကိုရောက်နေတယ်ပေါ့။ အခု ညပိုင်းလောက်ဆိုရင် ကျွန်တော်တို့ မြန်မာ တောင်ပိုင်းဒေသကိုဖြတ်နိုင်တဲ့အနေအထားရှိတာပေါ့နော်။ အဲ့အတွက်ကြောင့်မို့ မွန်၊ ကရင်၊ တနင်္သာရီမှာ နေရာကွက်မိုး ကြီးနိုင်တဲ့အနေအထားမျိုးရှိပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ပြောသည်။

အောက်တိုဘာ ၁၈ရက်နေ့ နံနက်ပိုင်းအထိ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် နေရာကျဲကျဲနှင့် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် မိုးထစ် ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ မိုးရွာရန်ရာနှုန်း(၈၀)ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။  

နောက်နှစ်ရက်အထိ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေသည့်အတွက် အောက်တိုဘာ ၁၇ရက် မွန်းတည့်ချိန်မှစ၍ နောက် ၂၄နာရီအတွင်း မြန်မာ့ ပင်လယ်ပြင်များတွင် လှိုင်းအသင့် တင့်မှ လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ပြီးခဲ့သည့်ရက်ပိုင်းက တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားသည့် အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ဖြစ်ပေါ် လာသည့်တိမ်တိုက်များ ကပ္ပလီပင်လယ်ပြင်ထဲသို့ ရောက်ရှိသွားပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအား ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။  

“တခါတလေ မိုးသက်လေပြင်းကျတဲ့အချိန်မှာတော့ ရေပြင် မြေပြင်လေပေါ့ တစ်နာရီကို ၃၀ကနေ ၃၅မိုင်အထိ တိုက်နိုင်တဲ့အနေအထားရှိပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်ပေါ့ နော် လှိုင်းအသင့်တင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ဟာကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတို့ ရေယာဉ် သင်္ဘောတွေဆီ သွားရောက်ပေးပို့နေပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ပြောသည်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၆)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း အောက်တိုဘာ ၁၇ရက် နေ့လည် ၂နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly