အမေရိကန်ဖျက်သင်္ဘောတပ်ဖွဲ့က ဒုက္ခရောက်နေတဲ့ အီရန်ရေယာဉ်ကို ကူညီ

အမေရိကန်ဖျက်သင်္ဘောတပ်ဖွဲ့က ဒုက္ခရောက်နေတဲ့ အီရန်ရေယာဉ်ကို ကူညီ
Photo - AFP

အောက်တိုဘာ ၁၇

အမေရိကန်ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘောတစ်စီးဟာ အာရေဗျပင်လယ်မှာ ဒုက္ခရောက်နေတဲ့ အီရန်အလံလွှင့်ထူထားတဲ့ ရေယာဉ်တစ်စီးကို ကူညီခဲ့တယ်လို့ နိုင်ငံတကာရေကြောင်းညွန့်ပေါင်းအဖွဲ့က အောက်တိုဘာလ ၁၆ ရက်မှာပြောပါတယ်။  

အင်ဂျင်စက်ပျက်သွားတဲ့  အီရန်ရွက်လှေတစ်စီးဟာ အန္တရာယ်ကျရောက်နေတဲ့အကြောင်း USS Winston S. Churchill ဖျက်သင်္ဘောအဖွဲ့ဆီ သတိပေးချက် လှမ်းပို့ခဲ့တယ်လို့ ပူးပေါင်းရေကြောင်းတပ်ဖွဲ့ (Combined Maritime Forces) က ပြောပါတယ်။

“အီရန်ရေယာဉ်အဖွဲ့က သူတို့အင်ဂျင်စက်က ဘက်ထရီမကောင်းတော့လို့ စက်နှိုးလို့မရတော့တဲ့အကြောင်းနဲ့ ရေနဲ့စားနပ်ရိက္ခတွေပြတ်နေတယ်ဆိုပြီး ဆက်သွယ်ရေး ရေဒီယိုကတစ်ဆင့် အကြောင်းကြားခဲ့တာပါ” လို့ နိုင်ငံ တကာရေကြောင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖျက်သင်္ဘောတပ်ဖွဲ့ဟာ လေထိုးလှေတစ်စီးနဲ့ ဒုက္ခရောက်နေတဲ့ အီရန်ရေယာဉ်အဖွဲ့ဆီသွားခဲ့ပြီး ကနဦးစစ်ဆေးမှုတွေ လုပ်ပေးခဲ့ကာ ရေနဲ့ စားနပ်ရိက္ခာတွေ ပေးခဲ့ပါတယ်။

USS Churchill ဖျက်သင်္ဘောအဖွဲ့ဟာ အီရန်ရေယာဉ်အဖွဲ့လိုအပ်တဲ့ ဘက်ထရီ မရှိတဲ့အတွက် အိုမန်ကမ်းခြေစောင့်တပ်ဖွဲ့ဆီက အကူအညီတောင်းခဲ့ပြီး သူတို့ကလည်း အချိန်မီရောက်လာကာ နောက်ထပ်အကူအညီတွေ ထပ် ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

အမေရိကန်နဲ့ အီရန်တို့ဟာ ရန်သူတွေဖြစ်ကြပြီး အကြမ်းဖက်ဝါဒကျင့်သုံးသူတွေအဖြစ် အပြန်အလှန် စွပ်စွဲပြောဆိုနေကြသူတွေဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာရေကြောင်းကွန်ဗန်းရှင်းအရ သင်္ဘောတွေဟာ ဒုက္ခရောက်နေတဲ့ မည်သည့်ရေယာဉ်ကိုမဆို နိုင်ငံသားကို ဂရုမထားဘဲ ကူညီရမယ်လို့ ဆိုထားပါတယ်။  

ဘာရိန်းမှာ ကျောက်ချရပ်နားတဲ့ US Fifth Fleet ရေယာဉ်စုဟာ ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောတွေကို ကာကွယ်ပေးဖို့ တာဝန်ယူထားတာဖြစ်ပါတယ်။

ပူးပေါင်းရေကြောင်းတပ်ဖွဲ့ဟာ ကမ္ဘာ့အရေးပါဆုံး ရေကြောင်းလမ်းတချို့ရှိရာ အရှေ့အလယ်ပိုင်းက အပြည်ပြည်ဆိုင်ရာ ရေပိုက်နက်ကို ကင်းလှည့်ဖို့ အမေရိကန်၊ တူရကီ၊ ပါကစ္စတန်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေပါဝင်တဲ့ ၃၃ နိုင်ငံပါတဲ့ ညွန့်ပေါင်းအဖွဲ့ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly